နည်းပညာကျောင်းသားတွေကို မျက်စိဖွင့်ပေးမယ့် UCSY IT-Camp

Image Source: https://www.facebook.com/ucsy.it.camp/

UCSY IT-Camp ဆိုတာကတော့ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်(ရွှေပြည်သာ) ကျောင်းသားကျောင်းသူတွေက ဦးဆောင်ပြုလုပ်တဲ့ ပြည်တွင်းက IT သမားတွေရဲ့ အတွေ့အကြုံနဲ့ အတွေးအမြင်တွေကို နည်းပညာကျောင်းသားကျောင်းသူ တွေဆီသို့ မျှဝေဖို့အတွက် အားလုံးပါ၀င်ပြီး အပြန်အလှန်ဆေးနွေး ဟောပြောကြတဲ့ တွေ့ဆုံပွဲလို့ အလွယ်တကူ ပြောနိုင်ပါတယ်။

ဒီပွဲကို ၂၀၁၄ခုနှစ် ကတည်းကစတင်ပြီး ပြုလုပ်ခဲ့ကြတာပါ။ ပထမဆုံးလုပ်ဖြစ်တဲ့ပွဲကတော့ ၂၀၁၄ခုနှစ်၊ ဇွန်နဝါရီလ (၂၄)ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ UCSY IT-Camp 2014 ပဲဖြစ်ပါတယ်။ အဲဒီနောက် ဒုတိယအကြိမ်မြောက်ကိုတော့ ၂၀၁၅ခုနှစ်၊ ဇန်နဝါလ (၂၁)ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ UCSY IT-Camp 2015 ပါ။ ခုအကြိမ်ကတော့ တတိယအကြိမ်ပေါ့။ ပြီးခဲ့တဲ့ပွဲတွေကလည်း ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် မှာပဲပြုလုပ်ခဲ့တာပါ။ အခုပွဲကိုလည်း အဲဒီနေရာမှာပါပဲ။

ပွဲမှာပါ၀င်ကြတဲ့ လူတွေနဲ့ပက်သက်ပြီး နည်းနည်းပြောပြပါ့မယ်။ အရင်ဆုံးပြောမှာကတော့ ဒီပွဲကို ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်က ကြီးမှုးပြီးပြုလုပ်တာဆိုတော့ အဲဒီက ကျောင်းသားကျောင်းသူတွေ တော်တော်များများ ပါမယ်ဆိုတာ အသေအချာပါပဲ။ ပြီးတော့ ပြည်တွင်း IT လောကရဲ့ အတွေ့အကြုံရင့် နည်းပညာဆရာသမားတွေ ပါပါလိမ့်မယ်။ သူတို့တွေရဲ့ အသိအတတ်ပညာတွေ၊ အတွေ့အကြုံတွေကို အခြေခံပြီး လက်ရှိနဲ့ ရှေ့ဆက်ရမယ့် အခြေအနေတွေကို ရှင်းလင်းပြောဆိုပါလိမ့်မယ်။

ပြီးတော့ ပွဲတက်လာကြတဲ့ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်က ကျောင်းသား၊ကျောင်းသူတွေအပြင် အခြားနည်းပညာကျောင်းသားတွေ၊ နည်းပညာစိတ်ဝင်စားတဲ့ လူငယ်တွေနဲ့ နည်းပညာနယ်ပယ်က လုပ်ငန်းရှင်တွေ ပါ၀င်ဆွေးနွေးတင်ပြရင်း အမြင်ချင်း ဖလှယ်ကြပါလိမ့်မယ်။ ကျောင်းသား၊ ကျောင်းသူလူငယ်တွေ အနေနဲ့ကတော့ စာတွေ့နဲ့ ကြာဖူးနား၀သဘောလောက်ပဲ ရှိသေးတာဆိုတော့ တကယ့်လုပ်ငန်းခွင်က လူတွေနဲ့ အပြန်အလှန်ဆွေးနွေးရခြင်းက သူတို့တွေအတွက် တကယ်လက်တွေ့ဖြစ်နေတဲ့ အပြင်လောကသို့ ပကတိအတိုင်းမြင်စေဖို့ မျက်လုံးဖွင့်ပေးလိုက်တဲ့ သဘောဖြစ်နေပါလိမ့်မယ်။ ဒီ  UCSY IT-Camp ဆွေးနွေးပွဲတွေက သူတို့အတွက် အရမ်းကို အကျိုးရှိစေလိမ့်မယ်ဆိုတာ အသေအချာပါပဲ။ ဘယ်ပညာရပ်မဆို စာအုပ်ထဲမှာ သင်ရတာတွေထက် အပြင်မှာလက်တွေလုပ်ရ၊ ဖြေရှင်းရတာတွေက ပိုပြီးခက်ခဲနေတတ်ပါတယ်။ ဒါကြောင့် ကျောင်းတွေမှာ ပညာသင်ယူနေတဲ့ အချိန်မှာလည်း မိမိသင်ယူနေတဲ့ ပညာရပ်နဲ့သက်ဆိုင်တဲ့ အပြင်ကလက်တွေခြေအနေတွေကို ကိုယ်တိုင်ပါ၀င်ပြီး မလုပ်ဆောင်ဖြစ်ဘူး ဆိုရင်တောင်မှ အတတ်နိုင်ဆုံး ကြားနေ၊ မြင်နေရဖို့တော့ လိုအပ်လိမ့်မယ် ထင်ပါတယ်။

နောက်တစ်ခုက ဒီပွဲမှာ လုပ်ငန်းရှင်တွေ ပါ၀င်လာတာဟာလည်း အရမ်းကိုကောင်းပါတယ်။ ကျောင်းသား၊ အတတ်အသိပညာရှင်နဲ့ လုပ်ငန်းရှင်တို့ ပေါင်းစုပြီး အတွေ့အကြုံတွေ၊ အမြင်တွေဖလှယ်ကြတာဟာ (၃)ဦးစလုံးအတွက် အကျိုးရှိစေမှာ အမှန်ပါပဲ။ လုပ်ငန်းရှင်တွေဘက်က ကြည့်ရင်လည်း ဒီလိုလူငယ်တွေရဲ့ အမြင်သစ်တွေကို သူတို့ရဲ့ လုပ်ငန်းနယ်ပယ်တွေမှာ ကောင်းကောင်း အသုံးချနိုင်ခဲ့မယ်ဆိုရင် ထုတ်ကုန်သစ်တစ်ခု(သို့)​ စျေးကွက်သစ်တစ်ခု ဖန်တီးသလိုပါပဲ။

ကျောင်းသားတွေဘက်က ကြည့်မယ်ဆိုရင်လည်း ကျောင်းသင်ခန်းစာတွေကနေတစ်ဆင့် သူတို့ရဲ့ဉာဏ်ပညာနဲ့ယှဉ်ပြီး  တွေးထားတဲ့ အကြောင်းအရာတွေက အပြင်လောကနဲ့ ဘယ်လောက်ထိ ရောယှက်နိုင်မလဲ၊ အသုံး၀င်နိုင်မလဲ ဆိုတာတွေကို  ပညာရှင်တွေရဲ့ ပြောစကားတွေ၊ အပြန်အလှန်ဆွေးနွေးမှု တွေကတစ်ဆင့် နားလည်းသဘောပေါက်ပြီး လျှော့ရ၊ တိုးရမယ့် အချက်လေးတွေနဲ့ မိမိကိုယ်ကို အကောင်းဆုံးပြင်ဆင် နိုင်ပါလိမ့်မယ်။ မိမိကိုယ်ကို ယုံကြည်မှုတွေလည်း တိုးလာပါလိမ့်မယ်။ ဒီလိုပွဲမျိုးတွေကို နည်းစနစ်မှန်မှန်ကန်ကန်နဲ့ တက္ကသိုလ်တိုင်းမှာ အထူးပြုနယ်ပယ်အလိုက် မကြာခဏ ပြုလုပ်ပေးသင့်တယ်လို့ ထင်ပါတယ်။ ဒါမှလည်း ကျောင်းသားတွေအနေနဲ့ လက်တွေအခြေအနေတွေနဲ့ မျက်ခြေမပြတ် ရှိနေနိုင်မှာပါ။ သူတို့အတွက် ဒါကဖိအားတစ်ခုမဖြစ်စေနိုင်ဘဲ ရှေ့မှာကြုံရမယ့် စိန်ခေါ်မှုတွေအတွက် မိမိကိုယ်ကို အကောင်းဆုံး ပြင်ဆင်ပြီး အသင့်အနေအထား ဖြစ်နေစေမှာပါ။

အခုကျင်းပမယ့်ပွဲကတော့ တတိယအကြိမ်မြောက် UCSY IT-Camp 2017 ပဲဖြစ်ပါတယ်။ ဘယ်သူမဆို တက်ရောက်ခွင့်ရှိပါတယ်။ တက်ရောက်ခွင့်အတွက်ကတော့ Online ကနေ စာရင်းသွင်းမယ်ဆိုရင်  Guest Register Here ကို၀င်ပြီး လိုအပ်တာတွေကို ဖြည့်ရပါမယ်။ သတ်မှတ်ထားတာကတော့ ဦးရေ(၈၀၀)ပါ။ တကယ်လို့ စာရင်းသွင်းဖို့ နောက်ကျသွားခဲ့ရင်လည်း စိတ်ပူစရာမလိုပါဘူး။ ပွဲတက်ရောက်ခွင့် ရှိပါသေးတယ်။ ပွဲနေ့ကျမှ Volunteer တွေဆီမှာ Offline အနေနဲ့ စာရင်းသွင်းလိုက်ရုံပါပဲ။ ဒီနှစ်ခုက ဘာကွာလဲဆိုတော့ Online ကနေ အောင်မြင်စွာ စာရင်းသွင်းနိုင်ခဲ့တဲ့ လူတွေအနေနဲ့ ပွဲတက်ရောက်ခွင့်လက်မှက်လေးကို PDF File လုပ်ပြီး ယူလာခဲ့မယ်ဆိုရင်တော့ ဒီပွဲရဲ့ Logo ပါတဲ့ အမှတ်တရ အက်ျီတစ်ထည် လက်ဆောင်ရမှာပဲ ဖြစ်ပါတယ်။ Offline သမားတွေမှာတော့ ဒီအခွင့်ရေးမျိုး ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် ပွဲပိတ်နောက်ဆုံး အစီအစဉ်မှာတော့ အားလုံးကို ကံစမ်းမဲနှိုက်ခွင့်တော့ ပေးထားပါတယ်။ ပျော်စရာ အစီအစဉ် တစ်ခုပေါ့။

ဒီပွဲမှာ ဦးဆောင်ဆွေးနွေးမယ့် သူတွေကိုတော့ ရွေးချယ်ပြီးသွားပါပြီ။ လက်ရှိပြည်တွင်း နည်းပညာလောကထဲက လူငယ်ပိုင်း ဆရာသမားတွေပါပဲ။ သူတို့ရဲ့ ဆေးနွေးဟောပြောချက်တွေကို အပြန်အလှန် ထောက်ပြဆွေးနွေးဖို့ စိတ်ပါ၀င်စားတယ်၊ မိမိရဲ့ တွေးမြင်ထားတဲ့ သဘောတရားတွေကို ယုံကြည်တယ် ပါ၀င်ဆွေးနွေးလိုတယ် ဆိုရင်တော့  Speaker Register Here မှာ ၀င်ရောက်ပြီး စရင်းသွင်းလို့ ရပါတယ်။ ဒီကိစ္စအတွက်တော့ ဦးရေကန့်သတ် မထားပါဘူး။ ဆွေနွေးမှု အပိုင်းတွေမှာတော့ မည်သည့်ပညာရှင်က မည်သည့်ခေါင်းစဉ် နယ်ပယ်အတွက် ဆွေးနွေးသွားမယ် ဆိုတာတွေကို ၀က်ဘ်ဆိုဒ်နဲ့ ပွဲရဲ့ ကြော်ငြာသင်ဘုန်းတွေမှာ ကြော်ငြာထားမှာဖြစ်ပြီး ပါ၀င်ဆွေးနွေးလိုသူတွေ အနေနဲ့ကတော့ မိမိကြိုက်နှစ်သက် အကြောင်းအရာမျိုးတွေကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

ဒီလိုနည်းပညာ ကမ္ဘာကြီးထဲမှာ မိမိရဲ့အသက်မွေး၀မ်းကြောင်းအဖြစ် နည်းပညာကဏ္ဍကို ရွေးချယ်သတ်မှတ်ထားတဲ့ ကျောင်းသားကျောင်းသူ လူငယ်တွေအနေနဲ့ပဲ ဖြစ်ဖြစ်၊ သာမန်စိတ်ပါ၀င်စားသူတွေ အနေနဲ့ပဲဖြစ်ဖြစ် သွားရောက်လေ့လာ ကြည့်ဖြစ်ခဲ့မယ် ဆိုရင်တော့ ဗဟုသုတရရုံသာမက IT လောကနဲ့ပက်သက်ပြီး အမြင်ကျယ်စေဖို့ ပြတင်းတခါး ဖွင့်လှစ်လိုက်သလိုမျိုး အကျိုးရှိစေပါလိမ့်မယ်။

UCSY IT-Camp Facebook Page

UCSY IT-Camp Website