တရားမဝင်ကြိုတင်မှတ်ပုံတင်ထားသော ဆင်းမ်ကတ်များ ရောင်းချခြင်းနှင့် ဝယ်ယူခြင်းများကြောင့် အကျိုးသက်ရောက်မှုများရှိလာနိုင်

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) သည် တရားမဝင် ကြိုတင်စာရင်းသွင်းမှတ်ပုံတင်ထားသော ဆင်းမ်ကတ်များ ပြန်လည်ရောင်းချခြင်းနှင့်ပတ်သက်၍ တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများချမှတ်ထားကာ လက်တွေ့အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိရာ တရားမဝင်ကြိုတင်မှတ်ပုံတင်ထားသော ဆင်းမ်ကတ်များ ရောင်းချခြင်းနှင့် ဝယ်ယူခြင်းများကြောင့် အကျိုးသက်ရောက်မှုများရှိလာနိုင်ကြောင်း MPT မှ ထုတ်ပြန်ထားသည်။
MPT အနေဖြင့် မိမိတို့ တန်ဖိုးထားရသော သုံးစွဲသူများသို့ တိကျမှန်ကန်သော ကိုယ်ရေးအချက်အလက်များနှင့် ခိုင်လုံသော အထောက်အထားများ ဖြည့်သွင်းခြင်းနှင့် မှတ်ပုံတင်ထားခြင်းမရှိသော ဆင်းမ်ကတ်များအား ရောင်းချထားခြင်း မရှိကြောင်းသေချာစေရန် “မှန်ကန်ကြောင်းအတည်ပြုပြီးမှသာ သုံးစွဲနိုင်မည့်အနေအထားသို့ ရောက်ရှိနိုင်သည့်နည်းစနစ်” ကို အလေးအနက်ထား လုပ်ဆောင်လျက်ရှိပါသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) ၏ စည်းမျဉ်းစည်းကမ်းများအရ ဆက်သွယ်ရေးအော်ပရေတာများ အနေဖြင့် ၎င်းတို့မှ သတ်မှတ်ထားသော အရောင်းဆိုင်များတွင်သာ ဆင်းမ်ကတ်အသစ်များ ရောင်းချခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သတ်မှတ်ဖော်ပြထားပါသည်။ သုံးစွဲသူများအား ရောင်းချသူများထံမှ ကြိုတင် မှတ်ပုံတင်ထားသော ဆင်းမ်ကတ်များကို ဝယ်ယူသုံးစွဲခြင်းမှလည်း တားမြစ်ကန့်သတ်ထားပါသည်။ MPT ၏ အရောင်းကိုယ်စားလှယ်များအနေဖြင့် မည်သည့်အခြေအနေတွင်မဆို ဆင်မ်းကတ်များကို မှတ်ပုံတင်ခြင်းမပြုဘဲ ရောင်းချခြင်းမပြုရန် သို့မဟုတ် ကြိုတင်မှတ်ပုံတင်ထားသော ဆင်မ်းကတ်များကို သုံးစွဲသူများထံသို့ မည်သည့်နည်းဖြင့် မဆို ရောင်းချခြင်းမပြုရန် တားမြစ်ကန့်သတ်ထားပါသည်။ ထို့အပြင် ယင်းသို့သော အချက်များကို လိုက်နာမှုမရှိပါက စည်းကမ်းချိုးဖောက်သူ မည်သူကိုမဆို ဥပဒေနှင့်အညီ ထိရောက်သော အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းကိုလည်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) မှ သတ်မှတ်ကြေညာထားသည်။

Photo Source https://web.facebook.com/mptofficialpage/

မိုဘိုင်းလ်ဖုန်းအသုံးပြုသူတစ်ဦးလျှင် အများဆုံး ဆင်းမ်ကတ်နှစ်ကတ်ကိုသာ မှတ်ပုံတင်၍ ကိုင်ဆောင်နိုင်သည်။ MPT သုံးစွဲသူများအနေဖြင့်လည်း မိမိတို့၏ဆင်းမ်ကတ်များအား မှတ်ပုံတင်ရာတွင် ကူညီဆောင်ရွက်ပေးခြင်း မရှိသည့် (သို့မဟုတ်) အဆိုပါ ဝန်ဆောင်မှုအား ဆောင်ရွက်မပေးနိုင်သည့် ရောင်းချသူများနှင့် ဆိုင်များထံမှ ဝယ်ယူခြင်းမပြုကြရန် ထပ်မံတိုက်တွန်းလိုက်ပါသည်။ MPT သုံးစွဲသူများအနေဖြင့် မိမိတို့၏ ဆင်းမ်ကတ်ကို မှတ်ပုံတင်ခြင်းအတွက် သတ်မှတ်ထားသော အထောက်အထားများအဖြစ် မြန်မာနိုင်ငံသားဖြစ်ပါက နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်ဖြင့်သော်လည်းကောင်း၊ နိုင်ငံခြားသားဖြစ်ပါက နိုင်ငံကူးလက်မှတ် (Passport) နံပါတ်ဖြင့်သော်လည်းကောင်း တိကျခိုင်လုံစွာ ဖြည့်သွင်းရန် လိုအပ်ပါသည်။
“MPTသုံးစွဲသူတွေ ဆင်းမ်ကတ်မှတ်ပုံတင်ရာမှာ အကူအညီဖြစ်စေဖို့ “မှန်ကန်ကြောင်း အတည်ပြုပြီးမှသာ သုံးစွဲနိုင်မယ့် အနေအထားကို ပြန်လည်ရောက်ရှိတဲ့ နည်းစနစ်”ကို ကျွန်တော်တို့ စတင်အသုံးပြုနေခဲ့တာ လအနည်းငယ်ကြာပါပြီ။ ဒါဟာ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ တရားမဝင် ကြိုတင်စာရင်းသွင်းထားတဲ့ ဆင်းမ်ကတ် တွေကို တရားဝင်မဟုတ်တဲ့ရောင်းချနေသူတွေဆီက ဝယ်ယူတာတွေ မရှိစေဖို့ သေချာအောင် လုပ်ဆောင် နေတာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ အရောင်းကိုယ်စားလှယ်တွေကသာ MPT ဆင်းမ်ကတ် အသစ်တွေကို ပြန်လည်ရောင်းချနိုင်ပြီးတော့ သုံးစွဲသူတွေအတွက် မှန်ကန်တဲ့ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်တွေကို ကူညီဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းက ဥပဒေအရ ဆောင်ရွက်ဖို့ တကယ့်ကို လိုအပ်ပါတယ်။ ထိုမျှမက ပြစ်မှုကျူးလွန်သူတွေ၊ လိမ်လည်သူတွေနဲ့ အလွဲသုံးစား လုပ်သူတွေရဲ့ ရာဇဝတ်မှု ကျူးလွန်တာတွေကိုပါ ထိထိရောက်ရောက် ကာကွယ်လျှော့ ချနိုင်တဲ့နေရာမှာလည်း ကူညီနိုင်တယ် ဆိုတဲ့အကြောင်း ကျွန်တော်တို့ တန်းဖိုးထားရတဲ့ သုံးစွဲသူတွေအားလုံးကို ဒီနေရာကနေ ထပ်မံ အသိပေးပြောကြားလိုပါတယ်” ဟု MPT-KGSM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr.Tetsunori Nagashima မှ ပြောကြားသည်။

Photo Source https://web.facebook.com/mptofficialpage/

ခွင့်ပြုချက်မရှိဘဲ ရောင်းချနေသူများထံမှ ကိုယ်ရေးအချက်အလက်များ တိကျမှန်ကန်မှုမရှိသော ကြိုတင် မှတ်ပုံတင်ထားသည့် ဆင်းမ်ကတ်များကို သိရှိထားလျက်ဖြစ်စေ၊ သိရှိထားခြင်းမရှိဘဲဖြစ်စေ ဝယ်ယူကာ လက်ဝယ်ကိုင်ဆောင်ထားသော ဆင်းမ်ကတ်အသုံးပြုသူများသည် ၎င်းတို့၏ဆင်းမ်ကတ်များ ပိတ်သိမ်းသွား မည်ဖြစ်သည်။ ထို့ကြောင့် MPT မှ မိမိတို့တန်ဖိုးထားရသော သုံးစွဲသူများအား သင့်တော်မှန်ကန်သော ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းမရှိဘဲ MPT ဆင်းမ်ကတ်များ ဝယ်ယူအသုံးပြုနေခြင်းကို ရှောင်ရှားနိုင်ကြရန် လေးနက်စွာဖြင့် တိုက်တွန်းလိုပါသည်။
မိမိတို့၏ဆင်းမ်ကတ်များကို မိမိတို့၏ တရားဝင်အမည်နှင့် မှန်ကန်သော နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် တို့ဖြင့် အချက်အလက်မှန်ကန်စွာ မှတ်ပုံတင်ခြင်းသည် သုံးစွဲသူများအနေဖြင့် MPT ၏ ဝန်ဆောင်မှုများကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မည် ဖြစ်ပြီး မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ (Mobile Financial Services) ဆောင်ရွက်ရာတွင် ရာဇဝတ်မှုများကျူးလွန်သူများ၏ မသမာမှုများကို ထိရောက်စွာ ရှောင်ရှားနိုင်မည်ဖြစ်သည်။ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းသည် အမှန်တကယ်သုံးစွဲသူတို့ အပေါ်တွင် အလွဲသုံးစားပြုလုပ်ခြင်းနှင့် အသုံးချခံရ ခြင်းတို့မှ ကာကွယ်နိုင်ရန် အထောက်အပံ့ ဖြစ်စေနိုင်မည်လည်း ဖြစ်သည်။
ထို့အပြင် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းသည် သုံးစွဲသူများနှင့် ဆက်သွယ်ရေးအော်ပရေတာများအကြား ယုံကြည်မှုကို ခိုင်မာစေပြီး၊ ဆက်သွယ်ရေးကဏ္ဍ၏ ပုံရိပ်ကို တိုးတက်လာစေခြင်း သာမက မြန်မာနိုင်ငံရှိ ဒီဂျစ်တယ် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများအတွက် များစွာ အထောက်အပံ့ဖြစ်စေမည် ဖြစ်သည်။
MPT ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက် သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။