MPT အသုံးပြုသူများ စာသားသီးသန့် Facebook ဗားရှင်းကို ကျန်းမာရေးအခက်အခဲကာလအတွင်း ဒေတာအခမဲ့ အသုံးပြုနိုင်ရန်စတင်မိတ်ဆက်

Facebook နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) တို့ပူးပေါင်း၍ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် အင်တာနက်ဒေတာ ကုန်ကျစရိတ်မရှိဘဲ ကြည့်ရှု့ အသုံးပြုနိုင်မည့် စာသားသီးသန့် Facebook ဗားရှင်းတစ်ခုအား စတင်မိတ်ဆက်လိုက်ပြီဖြစ် ကြောင်းသိရသည်။
ပြည်သူများအနေဖြင့် COVID-19 ကျန်းမာရေး အခက်အခဲဖြစ်နေစဉ်ကာလအတွင်း မှန်ကန်တိကျသည့် သတင်းအချက် အလက်များ ရယူနိုင်ရန်နှင့် မိမိတို့ ချစ်ခင်ရသူများနှင့် ဆက်သွယ်ပြောဆိုနိုင်ရန် အလွန်အရေးကြီးသည့်အတွက်ကြောင့် ယခု အစီအစဉ်မှတစ်ဆင့် မြန်မာနိုင်ငံရှိ MPT သုံးစွဲသူများမှာ Facaebook ၏ ကိုရိုနာဗိုင်းရပ်စ် သတင်းအချက်အလက်စင်တာ အပါအဝင် အရေးကြီးသတင်းအချက်အလက်များကို မိမိတို့၏ မိုဘိုင်းလ်ဒေတာ ကုန်ကျစရိတ်မရှိဘဲ ယခင်ကထက်ပို၍ ပုံမှန် ရယူသိရှိနိုင်ပြီ ဖြစ်သည်။

Photo Source By Myanmar Tech Press

၂၀၂၀ ခုနှစ် ဧပြီ ၂၁ ရက်မှစတင်ကာ MPT သုံးစွဲသူများအနေဖြင့် အင်တာနက်ဒေတာဖိုး ကုန်ကျမှုမရှိဘဲ စာသားသီးသန့် အသုံးပြုနိုင်သည့် Facebook နှင့် Messenger ဗားရှင်းများအား ရွေးချယ်အသုံးပြုနိုင်ပြီ ဖြစ်သည်။
“မြန်မာနိုင်ငံကလူတွေ အချင်းချင်း ဆက်သွယ်ရာမှာ အဓိကသုံးနေကြတဲ့ နည်းလမ်းတွေထဲမှာ Facebook ကလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ အထူးသဖြင့် အခုလို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကျန်းမာရေး အခက်အခဲဖြစ်နေတဲ့ ကာလမှာ အင်တာနက် ဒေတာဖိုး မကုန်ဘဲ COVID-19 နဲ့ပတ်သက်တဲ့ ယုံကြည် စိတ်ချရတဲ့ ကျန်းမာရေး အချက်အလက်တွေ ရယူနိုင်ဖို့၊ ကိုယ်ချစ်ခင်ရသူတွေနဲ့ အဆက်အသွယ် မပြတ်ဖို့ အရမ်းအရေးကြီးပါတယ်။ ဒီလို အသက်တမျှ အရေးကြီးတဲ့ ကာလမှာ တစ်ဦးနဲ့တစ်ဦး အဆက်အသွယ်မပြတ်ဖို့ အရေးကြီးတယ်လို့ ကျွန်တော်တို့ ယုံကြည်လက်ခံထားသလို အသုံးပြု သူတွေအနေနဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေကို သိရှိရယူနိုင်ဖို့ ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်က ကူညီပံ့ပိုးပေး နိုင်တဲ့အတွက်လည်း ပျော်ရွှင်ကျေနပ်မိပါတယ်” ဟု Facebook ၏ Connectivity and Access Policy အဖွဲ့မှ Public Policy Manager ဖြစ်သူ Tom Chottayil Varghese ကပြောသည်။
“MPT အနေနဲ့ ဒီလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်မှာ မြန်မာနိုင်ငံက ပြည်သူတွေ တစ်ဦးနဲ့တစ်ဦး အမြဲ ထိတွေ့ ဆက်သွယ်နိုင်အောင် ဆောင်ရွက်ပေးနေဖို့က အဓိက ဦးစားပေးပါပဲ။ ကျွန်တော်တို့အနေနဲ့လည်း MPT သုံးစွဲသူတွေအတွက် သူတို့ချစ်ခင်ရသူတွေနဲ့ အဆက်အသွယ် မပြတ်အောင်၊ တိကျမှန်ကန်မှုရှိတဲ့ အရေးအကြီးဆုံး ကျန်းမာရေး သတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ရယူနိုင်အောင် ယုံကြည်အားထားရတဲ့ ဆက်သွယ်ရေးကွန်ရက်တစ်ခုရှိဖို့ အလွန် အရေးကြီးတယ်ဆိုတာ နားလည်လက်ခံထားပါတယ်။ အခုလို Facebook နဲ့ ပူးပေါင်းဆောင်ရွက်လိုက်တဲ့အတွက် MPT သုံးစွဲသူတွေအနေနဲ့ အင်တာနက်ဒေတာဖိုး ကုန်ကျစရာ မလိုဘဲ Facebook ဗားရှင်းတစ်ခုကို ရယူအသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် MPT အနေနဲ့ COVID-19 ကူးစက်ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့ အစည်းတွေနဲ့ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု MPT-KSGM JO ၏ Chief Commercial Officer ဖြစ်သူ Mr.Tetsunori Nagashima က ပြောသည်။

Photo Source By Myanmar Tech Press

“ကျွန်တော်တို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ COVID-19 ကျန်းမာရေး အခက်အခဲဖြစ်နေစဉ် ကာလမှာ ပြည်သူတွေအတွက် ပိုပြီး အဆင်ပြေမယ့် ဝန်ဆောင်မှုတွေပေးဖို့ ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာတွေကို တိုက်တွန်းခဲ့ပါတယ်။ အခုလို ကပ်ရောဂါ ဖြစ်ပွားနေတဲ့ကာလမှာ ပြည်သူတွေကို တစ်ဦးနဲ့တစ်ဦး အဆက်အသွယ် မပြတ်စေဘဲ ယုံကြည်စိတ်ချရတဲ့ ကျန်းမာရေး သတင်းအချက်အလက်တွေ ရရှိနိုင်အောင် Facebook နဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) တို့ ပူးပေါင်းပြီး ငွေကြေးအကုန်အကျမရှိတဲ့ Facebook ဗားရှင်းတစ်ခုကို မိတ်ဆက် ပေးတဲ့အတွက် အထူးပဲ ဝမ်းသာကျေနပ်မိပါတယ်” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက ပြောသည်။
COVID-19 အား အရေးပေါ် ကျန်းမာရေးအခြေအနေအဖြစ် ကြေညာပြီးသည့် အချိန်မှစ၍ Facebook သည် ယုံကြည်စိတ်ချရသော ကျန်းမာရေး သတင်းအချက်အလက်များ အလွယ်ကကူ ရရှိနိုင်ရန်နှင့် ပြည်တွင်း ကျန်းမာရေး အဖွဲ့အစည်းများ၏ လုပ်ငန်းစဉ်များအား ပံ့ပိုးကူညီနိုင်ရန် ပြည်တွင်း၊ ပြည်ပရှိ ကျန်းမာရေး အဖွဲ့အစည်းများနှင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ ယခုလ အစောပိုင်းတွင် မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ယုံကြည်စိတ်ချရသည့် ကျန်းမာရေးအဖွဲ့အစည်းများမှ သတင်းအချက်အလက်များနှင့် သတင်းရင်းမြစ်များကို စုစည်းပေးထားသော နေရာတစ်ခုအဖြစ် COVID-19 သတင်းအချက်အလက် စင်တာကို စတင် မိတ်ဆက်ပေးခဲ့သည်။ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ UNICEF Myanmar နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (MOHS) တို့မှ ကျန်းမာရေးဆိုင်ရာ သတင်း အချက်အလက်များ၊ သတင်းရင်းမြစ်များနှင့် ချိတ်ဆက် ပေးလျက်ရှိကြောင်းသိရသည်။

Photo Source By Myanmar Tech Press

အဆိုပါ သတင်းအချက်အလက်စင်တာကို ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှ လေ့လာဖတ်ရှုနိုင်ရန် ဘာသာစကားပေါင်း (၄၀) ကျော်ဖြင့် ဖော်ပြပေးလျက် ရှိသည်။
MPT အနေဖြင့်လည်း COVID-19 ကာလအတွင်း မြန်မာနိုင်ငံရှိ သုံးစွဲသူများအချင်းချင်း ပိုမို ဆက်သွယ်နိုင်ရန် အတွက် “နာရီတိုင်းမှာ ၅ မိနစ်စာ” အထူးအစီအစဉ် အစီအစဉ်အပါအဝင် ဆက်သွယ်ရေးဆိုင်ရာ အထူးဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပြီး COVID-19 ရောဂါတုံ့ပြန်ရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြိုးပမ်းဆောင်ရွက်ရာတွင် ပူးပေါင်း ပါဝင်လျက် ရှိပါသည်။ ထို့အပြင် MPT မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝက်ဘ်ဆိုက်၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း ဝက်ဘ်ဆိုက်နှင့် နာမည်ကြီး သတင်းမီဒီယာ ဝက်ဘ်ဆိုက် (၄) ခုသို့ အင်တာနက် ဒေတာဖိုး အခမဲ့ဖြင့် အကန့်အသတ်မရှိ ဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ရန် ဆောင်ရွက်ပေးထားပါသည်။
MPT သည် နိုင်ငံတစ်ဝန်းရှိ အသွားအလာ ကန့်သတ်ထိန်းချုပ်စောင့်ကြည့်လျက်ရှိသော နေရာ (၃၀) ခု အတွက် ဖိုင်ဘာအင်တာနက် တပ်ဆင်ပေးထားပါသည်။ ရန်ကုန်၊ နေပြည်တော်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်တို့ရှိ အသွားအလာ ကန့်သတ်ထိန်းချုပ်စောင့်ကြည့်ထားသည့် နေရာများတွင် ရောက်ရှိနေသူများအတွက် မိသားစုများ၊ ကျန်းမာရေး တာဝန်ရှိသူများနှင့် အဆက်အသွယ်မပြတ်စေရန် MPT မှ မိုဘိုင်းလ်ဒေတာပါဝင်သည့် ဆင်းမ်ကတ် (၁၅,၄၅၀) ကျော်ကိုလည်း ပေးအပ်လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်းလည်းသိရသည်။