နာရီတိုင်းမှာ ၅ မိနစ်စာ အထူးအစီအစဉ်ကို MPT မိတ်ဆက်

မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အားလုံး လတ်တလောတွင် ဖြစ်ပွားနေသော COVID-19 ကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် ယခုကဲ့သို့သော အချိန်ကာလတွင် MPT အနေဖြင့် သုံးစွဲသူများ အဆင်ပြေစေရန် အထူးပရိုမိုးရှင်း အစီအစဉ်သစ်တစ်ခုအနေဖြင့် နာရီတိုင်းမှာ ၅ မိနစ်စာ အထူးအစီအစဉ်တစ်ရပ်ကို ၂၀၂၀ ခုနှစ် ဧပြီ ၂ ရက်နေ့တွင် စတင် မိတ်ဆက်လိုက်ကြောင်းသိရသည်။
အဆိုပါ အစီအစဉ်တွင် MPT ဖုန်းအချင်းချင်း ဆက်သွယ်ခေါ်ဆိုရာတွင် ဖုန်းတစ်ခါခေါ်တိုင်း တစ်နာရီအတွင်း ပထမ(၅) မိနစ်စာ ဆက်တိုက်ပြောဆိုမှုများအတွက် ကနဦး (၅) မိနစ်စာ အတွက်သာ ကျသင့်မည် ဖြစ်ပြီး ကျန် ၅၅ မိနစ်ကို အခမဲ့ ခေါ်ဆိုနိုင်မည့် နာရီတိုင်းမှာ ၅ မိနစ်စာ အထူးအစီအစဉ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပြီး အဆိုပါအစီအစဉ်ကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ခံစားခွင့်ရရှိမည်ဖြစ်သည်။

Photo Source https://web.facebook.com/mptofficialpage/

MPT ၏ GMS နှင့် WCDMA စနစ် သုံးစွဲသူများ အားလုံးသည် နာရီတိုင်းမှာ ၅ မိနစ်စာ အထူးအစီအစဉ်ကို ဝန်ဆောင်ခ ထပ်ဆောင်းပေးရန် မလိုအပ်ဘဲ သုံးစွဲနိုင်မည်ဖြစ်သည်။ တစ်နာရီအတွင်း ဆက်တိုက်ပြောဆိုမှု များအတွက် ပထမ(၅) မိနစ်စာအတွက်သာ ကျသင့်မည်ဖြစ်ပြီး နောက်ထပ်(၅၅)မိနစ် အထိ အခမဲ့ပြောဆိုနိုင်မည် ဖြစ်ပါသည်။
ဆွေသဟာ၊ ရှယ်ပြောနှင့် ရွှေစကား အစီအစဉ်များကို အသုံးပြုနေသူများအနေဖြင့် *5055# (သို့) *5055*1# တို့ကို ခေါ်ဆိုပြီး နာရီတိုင်းမှာ ၅ မိနစ်စာ အထူးအစီအစဉ်ကို အလွယ်တကူ ရယူနိုင်မည်ဖြစ်ပါသည်။ Base Tariff အသုံးပြုသူများအနေဖြင့် *234*2# ကိုခေါ်ဆိုပြီး ဆွေသဟာသို့ အရင်ဆုံး ပြောင်းလဲသုံးစွဲရန် လိုအပ်ပါမည်။ “နာရီတိုင်းမှာ ၅ မိနစ်စာ” အထူးအစီအစဉ်ကို သုံးစွဲရာတွင် ကနဦး ၅ မိနစ်စာအတွက် တစ်မိနစ်လျှင် ၂၇ ကျပ်နှုန်း ကျသင့်မည်ဖြစ်ပြီး ၅၅ မိနစ်ကြာ အခမဲ့ ခေါ်ဆိုမှုကာလ ကျော်လွန်သွားပါက မိနစ်တိုင်းအတွက် အလားတူ နှုန်းထားအတိုင်း ကျသင့်မည်ဖြစ်သည်။
“ကျွန်တော်တို့ MPT အနေနဲ့ အခုလို မြန်မာပြည်သူပြည်သားများ မိမိတို့ရဲ့ မိသားစုဝင်များ၊ မိတ်ဆွေ သူငယ်ချင်းများ နှင့် ဆက်သွယ်ပြောဆိုနိုင်ခြင်း၊ ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်သည့် သတင်းအချက်အလက် များကို အချိန်မီ သိရှိနိုင်ခြင်းတို့ဟာ MPT သုံးစွဲသူများအတွက် အလွန်အရေးပါတယ်ဆိုတာကို နားလည်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ သုံးစွဲသူဦးစားပေး အစီအစဉ်များဟာ နိုင်ငံတော်ရဲ့ COVID-19 တိုက်ဖျက်ရေး လုပ်ငန်းများကို တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်စေနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။” ဟု MPT-KSGM JO ၏ စီးပွားရေးဌာနကြီး၏ အရာရှိချုပ် ဖြစ်သူ Mr.Reizo Umeda က ပြောကြားသည်။

Photo Source https://web.facebook.com/mptofficialpage/

ကိုရိုနာဗိုင်းရပ်စ် (COVID-19) နှင့် ပတ်သက်ပြီး ပြောင်းလဲဖြစ်ပေါ်နေသည့် အခြေအနေများနှင့်အညီ MPT အနေဖြင့် အစိုးရအဖွဲ့အစည်းများနှင့် အနီးကပ်ပူး‌ပေါင်းဆောင်ရွက်ခြင်းဖြင့်လည်းကောင်း၊ စီးပွားရေးမိတ်ဖက်များ၊ ချိတ်ဆက်လုပ် ဆောင်သူများဖြင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်လည်းကောင်း MPT သုံးစွဲသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများကို ဆက်လက်ကူညီ ပံ့ပိုးပေးနိုင်ရန် ဆောင်ရွက်လျက် ရှိသည်။ လက်ရှိအချိန်တွင် MPT အနေဖြင့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) စောင့်ကြည့်လူနာများအား ထားရှိသည့် နိုင်ငံတစ်ဝန်းရှိ (Quarantine) ပြုလုပ်သည့် နေရာ (၁၀) နေရာအတွက် ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုကို ပေးအပ်ထားပြီးဖြစ်သည်။ ထို့အပြင် ရန်ကုန်၊ နေပြည်တော်နှင့် ကရင်ပြည်နယ်များရှိ စောင့်ကြည့်လူနာများ မိသားစုဝင်များ၊ တာဝန်ရှိသူများနှင့် လွယ်ကူ အဆင်ပြေစွာ ဆက်သွယ်နိုင်ရန်အတွက် မိုဘိုင်းလ်‌ဒေတာ ထည့်သွင်းပေးထားသည့် ဆင်းမ်ကတ် ၉၀၀၀ ကိုလည်း လှူဒါန်းခဲ့ပြီးဖြစ်ကြောင်းသိရသည်။
မရှိမဖြစ် လိုအပ်သော ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပံ့ပိုးသူအနေဖြင့် MPT သည် ကွန်ရက်များကို အရန်ဆက်ကြောင်း များဖြင့် ချိတ်ဆက်ထားပြီး အရေးပေါ်ကာလများတွင် သုံးစွဲသူများနှင့် အစဉ်ချိတ်ဆက်နိုင်စေရန် စီစဉ်ဆောင်ရွက်ထား ရှိပြီး ဖြစ်ကြောင်းလည်း သိရသည်။ စီးပွားရေးလုပ်ငန်းများ၊ ကျောင်းများနှင့် အဖွဲ့အစည်းအသီးသီးရှိ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ နေအိမ်မှ အလုပ်လုပ်ကိုင်နိုင်ရန်လိုအပ်ခြင်းကြောင့် MPT ၏ ကွန်ရက်များကို လက်ရှိနှင့် နောင်ဖြစ်ပေါ်လာနိုင်သည့် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ထားကြောင်းလည်းထုတ်ပြန်ထားသည်။
MPT သည် ဌာနအားလုံး၏ လုံခြုံစိတ်ချရသော လုပ်ငန်းလည်ပတ်မှုများကို ဆက်လက်လုပ်ဆောင်နိုင်ရန်နှင့် ဖုန်းခေါ်ဆိုမှု စင်တာများတွင် သုံးစွဲသူများအတွက် ဝန်ဆောင်မှုများ တိုးတက်စေရန် ဌာနတွင်းမူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို အဆင့်မြှင့်တင်ထားကြောင်းလည်းသိရသည်။