ပြည့်စုံစွာ မှတ်ပုံတင်ခြင်းထားခြင်းမပြုဘဲ ဆင်းမ်ကတ်များအား ဝယ်ယူခြင်းမပြုကြရန် MPT မှ အသိပေးပန်ကြား

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအရ တယ်လီကွန်းအော်ပရေတာ များအနေဖြင့် ၎င်းတို့မှ တရားဝင်ခွင့်ပြုထားသော အရောင်းဆိုင်များတွင်သာ ဆင်းမ်ကတ်အသစ်များ ရောင်းချခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်၍ MPT အနေဖြင့် မိမိတို့တန်ဖိုးထားရသည့် MPT သုံးစွဲသူများထံသို့ မှတ်ပုံတင်ထားခြင်းမရှိသော ဆင်းမ်ကတ်များ ရောင်းချခြင်းမရှိစေရေး သေချာစေရန် “မှန်ကန်ကြောင်း အတည်ပြုပြီးမှသာ သုံးစွဲနိုင်မည့် အနေအထားသို့ ရောက်ရှိနိုင်သည့် နည်းစနစ်”ကို အကောင်အထည်ဖော် ဆောင်ရွက်ကြရန် MPT မှအသိပေး ပန်ကြားထားကြောင်းသိရသည်။
ထို့အပြင် အသုံးပြုသူတစ်ဦးလျှင် အများဆုံး ဆင်းမ်ကတ်နှစ်ကတ်ကိုသာ မှတ်ပုံတင်၍ ကိုင်ဆောင်နိုင်ပြီး ဥပဒေနှင့် မကိုက်ညီသော မသမာမှုများအား ရှောင်ရှားနိုင်ရန်အတွက် မှန်ကန်သောအထောက်အထားဖြင့် အတည်ပြုထား ခြင်းမရှိ ပါက ဆင်းမ်ကတ်မှာအသုံးပြုနိုင်သည့်အနေအထားသို့ ရောက်ရှိမည်မဟုတ်ပါ။ MPT သုံးစွဲသူများအနေဖြင့် မိမိတို့၏ဆင်းမ် ကတ်ကို မှတ်ပုံတင်ခြင်းအတွက် သတ်မှတ်ထားသော သက်သေခံအထောက်အထား များဖြစ်သည့် ဆင်းမ်ကတ်ကိုင် ဆောင်သူ၏ တရားဝင်အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့်အတူ နိုင်ငံခြားသားများ အတွက် နိုင်ငံကူးလက်မှတ် (Passport) နံပါတ်တို့ဖြင့် တိကျမှန်ကန်စွာ ဖြည့်သွင်းရန် လိုအပ်ပါသည်။

Photo Source https://web.facebook.com/mptofficialpage/

ယခင်က ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် တိကျမှန်ကန်မှုမရှိသော ကိုယ်ရေးအချက်အလက်များ နှင့် ခိုင်လုံသော သက်သေအထောက်အထားများ မပါရှိဘဲ ကြိုတင်မှတ်ပုံတင်ထားသော ဆင်းမ်ကတ်များမှာ အထွက်ခေါ်ဆိုမှု ပိတ်ထားခြင်းခံရသည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ပြီး ဆင်းမ်ကတ်မှတ်ပုံတင်ရန် သတ်မှတ်ထားသော နောက်ဆုံးရက်ဖြစ်သည့် ၂၀၂၀ပြည့်နှစ်၊ ဇွန်လ (၃၀)ရက် နောက်ပိုင်းတွင် အဆိုပါ ဆင်းမ်ကတ်များမှာ ဖျက်သိမ်း သွားရမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ သုံးစွဲသူများသို့ ပြည့်စုံမှန်ကန်သော အချက်အလက် များဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ရာတွင် ကူညီဆောင်ရွက်ပေးမှုမရှိသည့် (သို့မဟုတ်) အဆိုပါ ဝန်ဆောင်မှု မပေးသည့် ရောင်းချသူများနှင့် ဆိုင်များထံမှ ဝယ်ယူခြင်း မပြုကြရန်နှင့် လေးစားတန်ဖိုးထားရပါသော MPT သုံးစွဲသူများအနေဖြင့် မိမိတို့၏ ဆင်းမ်ကတ်များကို ဆုံးရှုံးမှုမရှိစေရန်အ တွက် ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းအား မပျက်မကွက် လုပ်ဆောင်ကြပါရန် MPT မှ အလေးအနက်ထားကာ ထပ်မံတိုက် တွန်းလိုက်ထားကြောင်းသိရသည်။
ထို့အပြင် MPT ၏ အရောင်းကိုယ်စားလှယ်များအနေဖြင့် မည်သည့်အခြေအနေတွင်မဆို ဆင်းမ်ကတ်များကို မှတ်ပုံတင်ခြင်းမပြုဘဲ ရောင်းချခြင်းမပြုရန် သို့မဟုတ် ကြိုတင်မှတ်ပုံတင်ထားသော ဆင်းမ်ကတ်များကို သုံးစွဲသူများထံသို့ မည်သည့်နည်းဖြင့် ရောင်းချခြင်းမျှမဆို တားမြစ်ကန့်သတ်ထားပါသည်။ ထို့အပြင် ယင်းသို့သော အချက်များကို လိုက်နာမှုမရှိပါက စည်းကမ်းချိုးဖောက်သူ မည်သူကိုမဆို ဥပဒေနှင့်အညီ ထိရောက်သော အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းကိုလည်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) မှ သတ်မှတ်ကြေညာထားသည်။

Photo Source https://web.facebook.com/mptofficialpage/

“ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းက ဥပဒေအရ လိုအပ်တဲ့ ကိစ္စတစ်ခုဖြစ်ပြီး မသမာမှုတွေနဲ့ အလွဲသုံးစား လုပ်တာ တွေကို ရှောင်ရှားနိုင်ဖို့ အဓိကအရေးကြီးတယ်ဆိုတာကို ကျွန်တော့်အနေနဲ့ ထပ်မံပြောလိုပါတယ်။ တစ်ဆက် တည်းမှာပဲ MPT အနေနဲ့ “မှန်ကန်ကြောင်း အတည်ပြုပြီးမှသာ သုံးစွဲနိုင်မည့် အနေအထားသို့ ရောက်ရှိနိုင်သည့် စနစ်” ကို ဆောင်ရွက်ထားပြီးဖြစ်တဲ့အားလျော်စွာ သုံးစွဲသူတွေအနေနဲ့ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ နည်းလမ်း အမျိုးမျိုးကို အသုံးပြုပြီး ဆင်းမ်ကတ်မှတ်ပုံတင်ကြဖို့ကိုလည်း တိုက်တွန်း လုပ်ဆောင်နေပါတယ်။ အရေးကြီးဆုံး အချက်ကတော့ သုံးစွဲသူတွေအနေနဲ့ ဆင်းမ်ကတ်တွေ ဝယ်ယူအသုံးပြုတဲ့အခါမှာ MPT က တရားဝင် ရောင်းချခွင့် ပြုထားတဲ့ အရောင်း ဆိုင်တွေကနေပဲ ဝယ်ယူအသုံးပြုကြဖို့ သတိပေးပြောကြားလိုပါတယ်” ဟု MPT-KGSM Joint Operations မှ စီးပွားရေးဌာနကြီး၏ အရာရှိချုပ် ဖြစ်သူ Mr. Tetsunori Nagashima မှ ပြောကြားသည်။
မိမိတို့၏ ဆင်းမ်ကတ်များကို မိမိတို့၏ တရားဝင်အမည်နှင့် မှန်ကန်သော နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် တို့ဖြင့် အချက်အလက်မှန်ကန်စွာ မှတ်ပုံတင်ခြင်းဖြင့် သုံးစွဲသူများက MPT ၏ ဝန်ဆောင်မှုများကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင် မည်ဖြစ်ပြီး အထူးသဖြင့် မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများ (Mobile Financial Services) ဆောင်ရွက်ရာတွင် ရာဇဝတ်မှုများကျူးလွန်သူများ၏ မသမာမှုများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းသည် အမှန်တကယ်သုံးစွဲသူတို့အပေါ်တွင် အလွဲသုံးစားပြုလုပ်ခြင်းနှင့် အသုံးချခံရခြင်းတို့မှ ကာကွယ်နိုင်ရန် အထောက်အပံ့ ဖြစ်စေနိုင်မည်လည်းဖြစ်သည်။

https://web.facebook.com/mptofficialpage/