MytelPay နှင့် CB Bank တို့အကြား ပူးတွဲအမှတ်တံဆိပ်ဖြစ်သော MytelPay CB MasterCard ပူးပေါင်းဆောင်ရွက်ရန် သဘောတူလက်မှတ်ရေးထိုး

ငွေလွှဲဝန်ဆောင်မှုတစ်ခုဖြစ်သော MytelPay နှင့် Co-Operative Bank Limited (CB Bank) တို့၏ ပူးတွဲအမှတ်တံဆိပ်ဖြစ်သော Credit Card အမျိုးအစား တစ်ခုဖြစ်သည့် MytelPay – CB MasterCard ကိုပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်စာချုပ်ကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့က လက်မှတ် ရေးထိုးခဲ့ကြ ကြောင်းသိရသည်။
MytelPay နှင့် CB Bank တို့၏ မိတ်ဖက်ပူးပေါင်းမှုသည် အဖွဲ့အစည်းနှစ်ခုအကြား သိသာထင်ရှားသော မှတ်တိုင်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ဒီဂျစ်တယ် ငွေပေးချေမှုအကောင့် (Mobile Financial Service account) ကို ဘဏ် ကတ်နှင့်ပါ အသုံးပြုနိုင်သည့် Co-Brand ပထမဆုံးသော ငွေပေးချေမှုစနစ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။

Photo Source https://web.facebook.com/MytelPayOfficial

သဘောတူလက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ရန်ကုန်မြို့ရှိ Mytel ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနား သို့ Mytel Wallet International Myanmar Co.,Ltd ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Hoàng Trung Thanh ၊ CB Bank ၏ ကတ်ဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ ဦးဇေယျာအောင် အပါအဝင် Mytel နှင့် CB Bankမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
မကြာမီကာလအတွင်း MytelPay – CB MasterCard ပူးတွဲအမှတ်တံဆိပ်ပါကတ်ကို စတင်မိတ်ဆက် ပေးသွားမည်ဖြစ်ပြီး ထိုကဒ်ကို မြန်မာနိုင်ငံရှိ ထောင်ပေါင်းများစွာသော စားသောက်ဆိုင်များ၊ ဈေးဆိုင်များတွင် အသုံးပြုနိုင်မည့်အပြင် ပြည်ပရှိ အွန်လိုင်းဈေးဝယ်ခြင်းများအတွက် လွယ်ကူစွာ ငွေပေးချေနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်သည်။
“MytelPay အနေနဲ့ မြန်မာနိုင်ငံမှာ ငွေသားမဲ့ပေးချေတဲ့စနစ်ကို ဘဏ်ကတ်နှင့်ပါ အသုံးပြုနိုင်တဲ့ နောက်ဆုံးပေါ် ဆန်းသစ်မှုအတွက် CB Bank၊ Mastercard တို့နဲအတူ လက်တွဲခွင့်ရတဲ့အတွက် စိတ်လှုပ်ရှားဝမ်းသာမိပါတယ်။ မဝေးတော့တဲ့အနာဂတ်မှာ ပြည်တွင်းရောပြည်ပပါမကျန် စားသောက်ဆိုင်၊ ဈေးဆိုင်၊ အွန်လိုင်းရှော့ပင်းတို့လို နေရာတိုင်းမှာ လွယ်လွယ်ကူကူ ငွေပေးချေနိုင်တော့မှာဖြစ်ပါတယ်။ အခု လက်တွဲ ဆောင်ရွက်တဲ့ MytelPay၊ CB Bank နဲ့ MasterCard တို့ ပူး‌ပေါင်းထုတ်လုပ်တဲ့ MytelPay – CB MasterCard ငွေပေးချေကတ်ဟာ မြန်မာနိုင်ငံ ရဲ့ ဒီဂျစ်တယ်ငွေပေးချေမှုအနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတစ်ခုဖြစ်မယ်လို့ ယုံကြည်ထားပြီး အားလုံးပါဝင်နိုင်တဲ့ ဘဏ္ဍာရေးအစီအစဉ်တွေအတွက် အထောက်အပံ့ပေးတဲ့စနစ်တစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။ MytelPay ကနေ အခုလို ခေတ်မီကောင်းမွန်တဲ့ ငွေပေးချေမှု စနစ် တွေအပြင် MytelPay Customer များအတွက် အကောင်းတကာ့ အကောင်းဆုံး ဝန်ဆောင်မှုများကို ပေးနိုင် အောင်လည်း အစဉ်အမြဲ ကြိုးပမ်းလျက်ရှိပါတယ်” ဟု MytelPay ၏ Mr. Hoàng Trung Thanh က ပြောကြားသည်။

Photo Source https://web.facebook.com/MytelPayOfficial

“မြန်မာနိုင်ငံရဲ့ လုံခြုံစိတ်အချရဆုံးနဲ့ အဆင်ပြေ အလွယ်ကူဆုံး ငွေလွှဲဝန်ဆောင်မှုဖြစ်တဲ့ MytelPay နဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ခြင်းဟာ CB Bank အတွက် ကြီးမားတဲ့ အောင်မြင်မှုမှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ အခုလို နည်းပညာ ဦးဆောင်တဲ့ ၂၁ ရာစုမှာ ဘဏ်တွေဟာ အများနဲ့ ပူးတွဲဆောင်ရွက်ဖို့ အရင်ကထက် ပိုပြီး လိုအပ်လာပါတယ်။ ဒီကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုကနေတဆင့် MytelPay နဲ့ CB Bankတို့ဟာ အနာဂတ်မှာ အသုံးပြုသူ တွေ အတွက် ဘဏ္ဍာရေး၊ ဘဏ်လုပ်ငန်းနဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှု နယ်ပယ်များမှာ ပြီးပြည့်စုံတဲ့ ပူးပေါင်း ဆောင်ရွက် မှုဆိုင်ရာ သဘောတူညီချက်များ ပိုမိုရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ MytelPay – CB MasterCard ကို ကိုင်ဆောင်သူ တွေ အနေနဲ့ ဆိုင်တွေ၊ အွန်လိုင်းကနေ ဈေးဝယ်မှုတွေအတွက် ငွေသားမဲ့ပေးချေမှုပြုလုပ်ရာမှာ လုံခြုံ စိတ်ချရပြီး ချောမွေ့စွာ ပေးချေနိုင် တော့မှာပဲ ဖြစ်ပါတယ်။ နောက်ထပ်လည်း MytelPay နဲ့အတူ ပူးပေါင်းမှုတွေ ပိုမိုဆောင်ရွက် သွားဖို့ မျှော်လင့်ပါတယ်” ဟု CB Bank ၏ ကတ်ဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ ဦးဇေယျာအောင်က ပြောကြားသည်။
MytelPay သုံးစွဲသူများအနေနှင့် MytelPay – CB MasterCard ကို MytelPay အက်ပလီကေးရှင်းမှတစ်ဆင့် လျှောက် ထားနိုင်မည်ဖြစ်ပြီး MytelPay – CB Master Card ခရက်ဒစ်ကတ် သုံးစွဲနိုင်မှုကန့်သတ်ချက်ကိုမူ MytelPay Wallet Balance အပေါ်အခြေခံ၍ အချိန်နှင့်တစ်ပြေးညီ သတ်မှတ်ပေးမည်လည်း ဖြစ်ပါသည်။ သို့ပါ၍ MasterCard အသုံးပြု၍ရသည့် မည်သည့် ATM၊ POS နှင့် e-Commerce များတွင်မဆို MytelPay – CB MasterCard ကို သုံးစွဲနိုင်မည် ဖြစ်ပါသည်။ MytelPay ကို ၂၀၁၉ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့ပြီး အရောင်းကိုယ်စားလှယ်ပေါင်း ၂၅,၀၀၀ ကျော်ဖြင့် မြန်မာ နိုင်ငံတစ်ဝန်းလုံးရှိ အသုံးပြုသူများကို ဝန်ဆောင်မှု ပေးလျက်ရှိသည်။