Ooredoo နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်တို့မှ ဒစ်ဂျစ်တယ်စွန့်ဦးတီထွင်မှုကို မြှင့်တင်ရန် ရန်ကုန်မြို့တွင် ဆန်းသစ်တီထွင်မှုဌာနကို စတင်ဖွင့်လှစ်

အူရီဒူးမြန်မာနှင့်ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (မြန်မာ) တို့သည် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များအားပံ့ပိုးရန် ဆန်းသစ်တီထွင်မှုဌာနဖွင့်လှစ်သည့် အခမ်းအနားကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုများမှတဆင့် မြန်မာနိုင်ငံတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် များအား အကောင်အထည်ဖော်ဆောင်ရေးကိုတိုးမြှင့်လုပ်ဆောင်ပေးသွားရန်၊ မဟာဗျူဟာအရ ရန်ကုန်မြို့၏ အချက်အချာ ကျသောနေရာတွင်တည်ရှိသည့် အူရီဒူးမြန်မာ၏ ရုံးချုပ်တွင်ဖွင့်လှစ်သွားမည်လည်းဖြစ်သည်။ အဆိုပါဌာနသည် ရည်ရွယ်ချက်ကြီးမားသော စွန့်ဦးတီထွင်သူလူငယ်များအား သတ်မှတ်ထားသောလိုအပ်သည့်အထောက်အပံ့များ၊ နည်းပညာ ဆိုင်ရာအထောက်အပံ့နှင့် အချင်းချင်းပေါင်းစည်းချိတ်ဆက်ပေးခြင်းကို ကူညီဆောင်ရွက်ပေးခြင်းများ၊ ၎င်းတို့အား ဖွံ့ဖြိုးတိုးတက်အေင်လုပ်ဆောင်ပေးမှာဖြစ်ပြီး ၎င်းတို့တီထွင်ထားသော ထုတ်ကုန်များနှင့်ဝန်ဆောင်မှုများကိုလည်း ဈေးကွက်အတွင်းတွင် ထိုးဖောက်နိုင်ရန် ပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်းလည်းသိရသည်။

Photo Source By Myanmar Tech Press

ဆန်းသစ်တီထွင်မှုဌာန ဖွင့်လှစ်ခြင်းသည် မြန်မာနိုင်ငံတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ အောင်မြင်မှုရရှိရန် အရှိန်အဟုန်ဖြင့်ဆောက်ရွက်နိုင်ရန်အတွက် အစိုးရပိုင်း၊ ပုဂ္ဂလိကကဏ္ဍ၊ အများနှင့်ဆိုင်သော ပတ်ဝန်းကျင်နှင့်နည်းပညာဖော်ဆောင်သူမိတ်ဖက်များ၏ ကြိုးစားအားထုတ်မှုအတွက် ပံ့ပိုးကူညီရန်အတွက် အူရီဒူး- ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်တို့ ပူးပေါင်းဆောင်ရွက်ခြင်းလည်းဖြစ်သည်။
၂၀၁၈ ခုနှစ်မှစတင်ပြီး Hackathon ပြိုင်ပွဲကို နှစ်ကြိမ် ကျင်းပခဲ့ပြီး အောင်မြင်လိုစိတ် ပြင်းပြသောလူငယ်များနှင့် အမျိုးသမီး များကို အဓိကထားပြီး ထူးထူးခြားခြား နှင့် အကျိုးရှိသည့် လုပ်နိုင်စွမ်းအားရှိသော လုပ်ဆောင်ချက်များကို အောင်မြင်စွာဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းလည်းသိရသည်။ Hackathon ပြိုင်ပွဲသည် မြန်မာနိုင်ငံမှလူငယ်များအတွက် ၎င်းတို့၏ မိုဘိုင်းအက်ပလီကေးရှင်းများ၏ ရှေ့ပြေးပုံစံနှင့်စီးပွားရေးဆိုင်ရာစိတ်ကူးများကိုတင်ပြနိုင်ရန် ပလက်ဖောင်းတစ်ခု ဖန်တီးပေး ရန်အတွက် ပူးပေါင်းကျင်းပပေးခဲ့သည့်အပြင် လူငယ်စွန့်ဦးတီထွင်သူများကိုလည်း ငွေကြေးဆိုင်ရာနှင့် နည်းပညာဆိုင်ရာ အထောက်ပံ့အဖြစ် ဆုရာရှိသူများအား ဆုချီးမြှင်ပြီး အထောက်အပံ့ပေးအပ်ခဲ့ပြီးလည်းဖြစ်သည်။

Photo Source By Myanmar Tech Press

ဆန်းသစ်တီထွင်မှုဌာနသည် အူရီဒူးနှင့်ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်တို့ ပူးပေါင်းကျင်းပခဲ့သည့် Hackathon ပြိုင်ပွဲကြီးတွင် ပါဝင်ခဲ့ကြသော လုပ်ငန်းစတင်လုပ်ကိုင်သောလူငယ်များနှင့် လုပ်ငန်းစတင်လိုသောလူငယ်များအား အခမဲ့နှင့် အစဉ်အမြဲ အသုံးပြုခွင့်ရအောင် ခွင့်ပြုပေးထားသည်။ အဆင့်မြင့်အိုင်စီတီနည်းပညာကိုလေ့လာခြင်းနှင့် စီးပွားရေးဆိုင်ရာ လုပ်ထုံးလုပ် နည်းစံပြပုံစံများကို တည်ဆောက်ပေးခြင်းတို့ကို အထူးလေ့ကျင့်ပေးမည့် သင်တန်းအစီအစဉ်များနှင့် မိတ်ဆွေဖွဲ့ခြင်းအခမ်း အနားများမှအစပြုပြီး အခွင့်အလမ်းကောင်းများကိုရရှိနိုင်ခြင်းအပြင်၊ ရာသီဥတုပြောင်းလဲခြင်း၊ ပညာရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် အမျိုးသမီးများအား လုပ်ပိုင်ခွင့်အခန်းကဏ္ဍမြှင့်တင်ပေးရေး စသည်တို့ပါဝင်သည့် အခန်းကဏ္ဍများတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအတွက် အဆိုပါဌာန၏အဖွဲ့ဝင်များသည် ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင် များကို ကူညီပံ့ပိုးပေးရန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။
“ဆန်းသစ်တီထွင်မှုဆိုတာ ရှုထောင့်ပေါင်းစုံကို အောင်မြင်စွာ ပေါင်းစည်းနိုင်တဲ့အခါမှာ ဖြစ်ပေါ်လာပါတယ်။ ဒီပေါင်းစည်း မှုက ကိုယ့်နည်းလမ်း သူ့နည်းလမ်းနဲ့မဟုတ်ဘဲ တည်ရှိနေပြီးသားဘောင်တွေကို ခတ်မထားနိုင်တဲ့ ထူးခြားကောင်းမွန်တဲ့ နည်းလမ်းနဲ့ ကျွန်တော်တို့တတွေအားလုံးကို အကျိုးရှိစေပါတယ်။ Innovation Hub က မြန်မာ့လူငယ်တွေကို နည်းပညာဆိုင်ရာ အထောက်အပံ့နဲ့သာမကဘဲ တကယ်ကိုလှုံ့ဆော်ပေးနိုင်မယ့် သင်ယူမှုဝန်းကျင်ကို ကွဲပြားခြားနားတဲ့ ကဏ္ဍပေါင်းစုံကို ပေါင်းစည်းခြင်းဖြင့်လည်းကောင်း၊ အမျိုးသမီးနဲ့လူငယ်ခေါင်းဆောင်မှုကို တိုက်တွန်းအားပေးခြင်း ဖြင့်လည်းကောင်း မြေတောင်မြှောက်ပံ့ပိုးပေးနိုင်မှာမို့ တကယ်ပဲဝမ်းသာမိပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေရာဟာ မြန်မာနိုင်ငံမှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်တွေကို အောင်မြင်အောင်ဆောင်ရွက်ရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်တယ်လို့ယုံကြည်ပါတယ်။ ဒီနှစ်ကုန်ပိုင်းမှာ ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေ စတင်မိတ်ဆက်နိုင်ဖို့ကို တွေ့မြင်ရဖို့စောင့်မျှော်နေပါတယ်” ဟု Mr. Gordon Johnson, UNDP Resident Representative a.i. မှ ပြောကြားသည်။

Photo Source By Myanmar Tech Press

Hackathon သည် အူရီဒူးမြန်မာ နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (မြန်မာ)တို့၏ အထူးဆောင်ရွက်ချက်ဖြစ်ပြီး ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုများနှင့်စွန့်ဦးတီထွင်မှုများကို မြန်မာလူငယ်များကြားတွင်အရည်အသွေးမြှင့်တင်ပေးရန် လုပ်ဆောင်ပေး သည့် အစီအစဉ်တစ်ခုလည်းဖြစ်သည်။