မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ တွင် နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ တက်လှမ်းနိုင်မည့် ဆန်ခါတင် အဖွဲ့ ၅ ဖွဲ့ကို ရွေးချယ်

မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် (MYTDP) ၂၀၂၀ အတွက် အောက်မြန်မာပြည်မှ နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ တက်လှမ်းနိုင်မည့် ဆန်ခါတင်ရွေးချယ်မှုကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၄ ရက်တွင် ရန်ကုန်မြို့ MICT Park ၌ ကျင်းပပြုလုပ်ခဲ့ပြီး ရွေးချယ်ခံရသည့် အဖွဲ့ ၅ ဖွဲ့ကိုရွေးချယ်ခဲ့ကြောင်းသိရသည်။
မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ ၏ နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် ယှဉ်ပြိုင်နိုင်မည့် အထက်မြန်မာပြည် ကိုယ်စားပြု အဖွဲ့ ၅ ဖွဲ့အား လာမည့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၉ ရက်၌ မန္တလေးမြို့ RITZ GRAND HOTEL MANDALAY တွင် ရွေးချယ်သွားမည်လည်းဖြစ်သည်။

Photo Source – https://www.facebook.com/mmtechnopreneurship

အဆိုပါအစီအစဉ်ကို MPT နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) တို့ ပူးပေါင်း၍ ဒီဂျစ်တယ်နည်းပညာများကို ဆန်းသစ်တီထွင်မှုအပေါ် အာရုံစူးစိုက်သောလူငယ်များနှင့် အနာဂတ်၏စွန့်ဦးတီထွင်လူငယ် လုပ်ငန်းရှင်သစ်များကို ရှာဖွေ ဖော်ထုတ်ပြီး ကူညီထောက်ပံ့သွားရန် ရည်ရွယ်ထားခြင်းလည်းဖြစ်သည်။
ယခုနှစ် ပြိုင်ပွဲအစီအစဉ်သို့ အောက်မြန်မာပြည်မှ အဖွဲ့ ၄၆ ဖွဲ့ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ စုစုပေါင်း အဖွဲ့ ၈၆ ဖွဲ့က ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းခဲ့ကြပြီး ပြိုင်ပွဲဝင် အဖွဲ့များသည် နည်းပညာ၊ လူမှုအဖွဲ့အစည်း၊ ပညာရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှု အစရှိသည့် ကဏ္ဍအသီးသီးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အောက်မြန်မာပြည်မှ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အဖွဲ့များအနက် အကောင်းဆုံး တီထွင်ဆန်းသစ်မှုရှိသည့် အဖွဲ့ ၁၅ ဖွဲ့ကို ဆန်ခါတင်အဆင့်အတွက် ဦးစွာပထမရွေးချယ်ခဲ့ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲအတွက် အောက်မြန်မာပြည် ကိုယ်စားပြုမည့် အဖွဲ့ ၅ ဖွဲ့ကို အကဲဖြတ်ဒိုင်အဖွဲ့က စိစစ်ရွေးချယ်ခဲ့ခြင်းလည်းဖြစ်သည်။

Photo Source – https://www.facebook.com/mmtechnopreneurship

ရွေးချယ်ခံခဲ့ရသည့် အဖွဲ့များမှာ (၁) အွန်လိုင်းပေါ်မှတစ်ဆင့် စိတ်ကျန်းမာရေး ဝန်ဆောင်မှုပေးမည့် Knight (mental heal) အဖွဲ့၊(၂) သုံးစွဲသူနှင့် Beauty Salon အကြား အလှအပရေးရာနှင့်ပတ်သက်သည့် လုပ်ဆောင်ချက်များကို ဝက်ဘ်ဆိုက် မှတစ်ဆင့် ကြိုတင်ရက်ချိန်းရယူနိုင်ရန်ဝန်ဆောင်မှုပေးမည့် Charm (Charm) အဖွဲ့၊ (၃) အဝတ်လျှော်ဝန်ဆောင်မှုအတွက် အက်ပလီကေးရှင်းမှ ဝန်ဆောင်မှုပေးမည့် Dhobi.co (dhobi.com) အဖွဲ့၊ (၄) အကောင်းဆုံးစားသောက်ဆိုင်များမှ Discount များ ရရှိနိုင်မည့် အက်ပလီကေးရှင်း ဝန်ဆောင်မှုပေးသည့် Shal (Shal Sar) အဖွဲ့၊ (၅) ဘောလုံးအားကစားနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အက်ပလီကေးရှင်းမှတစ်ဆင့် တစ် နေရာတည်းတွင် ရရှိနိုင်အောင် ဝန်ဆောင်မှုပေးသည့် Team AiO (All in One-Sports) အဖွဲ့ တို့ ဖြစ်ကြောင်းလည်းသိရသည်။
“ဒီနှစ်မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အဖွဲ့တွေရဲ့ အရည်အသွေးကို ကျွန်တော်အနေနဲ့ အလွန်ကို သဘောကျ ကျေနပ်မိပါတယ်။ လုပ်ငန်းအဆိုပြုလွှာအများစုက လူမှုရေးနဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရဲ့ အမျိုုးမျိုးသောစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ ဖန်တီးရေးဆွဲထားပါတယ်။ ပြိုင်ပွဲဝင်တွေရဲ့ စီးပွားဖြစ်ထုတ်လုပ်နိုင်မှုအပေါ် အခြေခံထားတဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အတွေး အခေါ်တွေပါဝင်တဲ့ လုပ်ငန်းအဆိုပြုလွှာတွေဟာလည်း တစ်နှစ် ထက်တစ်နှစ် ပိုမိုကျယ်ပြန့် ကောင်းမွန်လာတာကို တွေ့ရတဲ့ အတွက်လည်း ဝမ်းသာမိပါတယ်။” ဟု MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာန၏ ဒုတိယအရာရှိချုပ် ဖြစ်သူ ဦးမျိုးသန်းက ပြောကြားသည်။

Photo Source – https://www.facebook.com/mmtechnopreneurship

“ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်ကတော့ ဆန်းသစ်တီထွင်မှုအရှိဆုံးအဖွဲ့တွေကို ရှာဖွေရွေးချယ်ပြီး မြန်မာပြည် ‌ဈေးကွက်မှာ ဦးဆောင်သူတွေရဲ့ရှေ့မှောက်ရောက်ရှိအောင် ကူညီဆောင်ရွက်ပေးပြီး သူတို့ရဲ့တိုးတက်ဖွံ့ဖြိုးမှုအရှိန်ကို မြှင့်တင်ပေးသွား နိုင်ဖို့ပဲဖြစ်တယ်။ ဒီအစီအစဉ်ကနေတစ်ဆင့် ပြောင်းလဲနေတဲ့ နည်းပညာအသစ်တွေ လူအများ လက်လှမ်းမှီစေဖို့ ကူညီဆောင်ရွက်နေပြီး အနာဂတ်ရဲ့ ဒီဂျစ်တယ် အသွင်ကူးပြောင်းမှုကို ဦးဆောင်နိုင်ဖို့ ရည်ရွယ်ထား ပါတယ်။” ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးမင်းဇေယျာလှိုင်မှ ထပ်မံပြောကြားခဲ့သည်။
အောက်မြန်မာပြည်နှင့် အထက်မြန်မာပြည်တို့မှ ဆန်ခါတင်ရွေးချယ်ခံခဲ့ရသည့်အဖွဲ့ ၁၀ အဖွဲ့အား လာမည့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက်မှ ၂၇ ရက်အထိ စခန်းသွင်း လေ့ကျင့်သွားမည်ဖြစ်ပြီး အတွေ့အကြုံရှိသည့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် ရင်းနှီးစွာလက်တွဲဆောင်ရွက်ပြီး ၎င်းတို့၏ သင်ကြားပြသမှုနှင့် အကြံပေးမှုများလည်း လက်ခံရရှိမည်ဖြစ် သည်။
မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေး အစီအစဉ် (MYTDP) ၂၀၂၀ နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို သိရှိလိုပါက https://www.mmtechnopreneurship.com နှင့် တရားဝင် လူမှုကွန်ရက်စာမျက်နှာ https://www.facebook.com/mmtechnopreneurship တို့တွင် ဝင်ရောက် ကြည့်ရှု လေ့လာနိုင်ကြောင်းလည်းသိရသည်။