Ooredoo မှ Myanmar Digital Education Platform ကို အသုံးပြုနိုင်ရန်အတွက် အခမဲ့ဒေတာအသုံးပြုခွင့်ကို ပံ့ပိုးကူညီ

မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာတစ်ခု ဖြစ်သည့် အူရီဒူးမြန်မာသည် အင်တာနက်အခြေပြုသင်ယူမှုပြုလုပ်နိုင်မည့် Myanmar Digital Education Platform (MDEP) ကို အသုံးပြုနိုင်ရန်အတွက် အခမဲ့ဒေတာအသုံးပြုခွင့်ကို အနည်းဆုံး ၆ လအသုံးပြုခွင့်ဖြင့် ပညာရေးဝန်ကြီးဌာနအား ပံ့ပိုးကူညီထားကြောင်းသိရသည်။
တစ်ကမ္ဘာလုံးတွင် COVID-19 ကမ္ဘာ့ကပ်ရောဂါ၏ သက်ရောက်မှုများကို ခံစားနေရပြီး ပြည်သူများ၏ ပုံမှန်သွားလာ နေထိုင်မှုပုံစံများမှာလည်း ပြောင်းလဲလျှက်ရှိပါသည်။ ကူးစက်ရောဂါပိုး ပြန့်နှံ့မှုကို နှေးကွေးသွားရန်နှင့် ရပ်တန့်သွားရန် အတွက် လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်နှင့် အခြားသော ကာကွယ်တားဆီးရေးညွှန်ကြားချက်များကို ထုတ်ပြန်ပြီး လိုက်နာဆောင်ရွက်မှုများကို လုပ်ဆောင်ကြရမည်ဖြစ်သည်။ ပညာရေးကဏ္ဍသည် ထိခိုက်မှုများသည့် ကဏ္ဍများထဲတွင် တစ်ခုပါဝင်ခဲ့သည်။ နိုင်ငံတော်တော်များများတွင် စာသင်ကျောင်းများကို ပိတ်ခဲ့ရပြီး အွန်လိုင်းမှ ပညာလေ့လာသင်ယူသည့် စနစ်ကို ပြောင်းလဲကျင့်သုံးဆောင်ရွက်ခဲ့ကြသည်။
COVID-19 ရောဂါပိုး ပြန့်နှံ့ခြင်းကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ကျောင်းများကို ပိတ်ထားခဲ့ရပါသည်။ ပညာရေး ဝန်ကြီးဌာနမှ နှစ်စဉ်အခြေခံပညာကျောင်းများအတွက် သက်ဆိုင်ရာ အတန်းအလိုက် သင်ရိုးညွှန်းတမ်းစနစ်သစ်ကို ပြောင်း လဲလုပ်ဆောင်ပေးလျှက်ရှိနေပါသည်။ ဆရာများအနေဖြင့် လာမည့်ပညာသင်နှစ်တွင် သင်ကြားပို့ချပေးနိုင်ရန်အတွက် သင်ရိုးညွှန်တမ်းအသစ်ကို နွေရာသီကျောင်းပိတ်ရက်တွင် မွမ်းမံသင်တန်းအဖြစ် တက်ရောက်ကြရသော်လည်း ယခုအခါတွင် ကမ္ဘာ့ကပ်ရောဂါ အနေအထားကြောင့် လူစုလူဝေးဖြင့် သင်ကြားခြင်းများကို လုပ်ဆောင်ရန် မသင့်တော်သည့် အနေအထား ဖြစ်လာခဲ့သည်။

Photo Source https://www.facebook.com/OoredooMyanmar

ပညာရေးဝန်ကြီးဌာနမှ အွန်လိုင်းအခြေပြုသင်ယူနိုင်သော ပလက်ဖောင်းတစ်ခုဖြစ်သည့် MDEP (http://mdep.moe.edu.mm) ကို စီစဉ်ဆောင်ရွက်ထားပြီး ကျောင်းဆရာဆရာမများအနေဖြင့် မည်သည့်နေရာမှမဆို အဆိုပါ အဝေးသင်စနစ်ဖြင့် လေ့လာနိုင်မည်ဖြစ်သည်။ အဆိုပါ ဝက်ဘ်ဆိုက်တွင် ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာသုံး သင်ကြားရေးလမ်းညွှန်စာအုပ်များ၊ အခြားသော သင်ကြားရေးအထောက်အကူများ နှင့် သင်ကြားရေးဆိုင်ရာ ဗီဒီယိုများကို တင်ထားပေးပါသည်။ Grade 4, Grade 7 နှင့် Grade 10 သင်ရိုးညွှန်းတမ်းအသစ်ကို လာမည့်စာသင်နှစ်တွင် ပြောင်းလဲသင်ကြားရမည်ဖြစ်ပြီး အဆိုပါ သင်ရိုးညွှန်းတမ်းများကို အွန်လိုင်းပေါ်တွင်ထားရှိပြီး ဆရာဆရာမများက အွန်လိုင်းမှ တဆင့် သင်ကြားပေးကြမည်ဖြစ်သည်။
ယခုကဲ့သို့ COVID-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပညာရေးဝန်ကြီးဌာန၏ အင်တာနက် အခြေပြုသင်ယူမှုပြုလုပ်နိုင်မည့် ပလက်ဖောင်းတစ်ခုဖြစ်သည့် MDEP ကို အဝေးသင်ပညာရေးစနစ်မှတဆင့် ဆရာ၊ ဆရာမများအနေဖြင့်ဆက်လက်ပြီးပညာရေးကို လေ့ကျင့်သင်ကြားနိုင်ရန် ဒေတာအသုံးပြုခပေးစရာမလိုဘဲ အခမဲ့အသုံးပြု နိုင်ရန် အူရီဒူးက ပံ့ပိုးကူညီပေးမည်ဖြစ်သည်။ အူရီဒူးဆင်းကတ်အသုံးပြုသော နိုင်ငံတစ်ဝန်းရှိ ဆရာ၊ ဆရာမပေါင်း ၄၅၀,၀၀၀ မှ MDEP (http://mdep.moe.edu.mm) ကို ဒေတာအသုံးပြုခ အခမဲ့ဖြင့် အသုံးပြုနိုင်တော့မည်ဖြစ်သည်။
“တိုင်းပြည်တစ်ခုရဲ့ကောင်းမွန်တဲ့အနာဂတ်ကို ပုံဖော်ဖို့အတွက် ပညာရေးဟာအမှန်တကယ်ကို အရေးကြီးပါတယ်။ အခုလို ကမ္ဘာ့ကပ်ရောဂါ ကျရောက်နေတဲ့အချိန်မှာ ပညာရေးကို ဆက်လက်လေ့လာသင်ယူနိုင်ဖို့ဟာ အရေးပါလှပါတယ်။ ဆရာဆရာမတွေအနေနဲ့ ဒေတာကို အခမဲ့အသုံးပြုနိုင်ဖို့ ပံ့ပိုးကူညီခွင့်ရတာကို တကယ်ဝမ်းသာမိပါတယ်။ ဘာကြောင့်လဲဆိုရင် အခုလို မကြုံစဖူးဖြစ်တဲ့အခြေအနေမျိုးမှာ အရေးကြီးတဲ့လုပ်ငန်းစဉ်တစ်ခုကို ပံ့ပိုးခွင့်ရပြီး လူမှုအသိုင်းအဝိုင်းကို ပြန်လည်ပေးဆပ်ပြီး ပံ့ပိုးကူညီနိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ဆရာဆရာမများအနေဖြင့် ဒေတာအသုံးပြုခအတွက် စိတ်ပူပန်စရာမလိုဘဲ လေ့ကျင့်သင်ကြားရေးအထောက်အကူများကို အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်” ဟု အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်မှ ပြောကြားသည်။

Photo Source https://www.facebook.com/OoredooMyanmar

အူရီဒူးမှ ကူညီပံ့ပိုးထားသည့်အခမဲ့ဒေတာကိုအသုံးပြုပြီး ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများသည် ဒစ်ဂျစ် တယ်ပညာသင်ကြားရေးဆိုင်ရာ အခွင့်အလမ်းများကို မြန်မာ့အမြန်ဆုံးမိုဘိုင်းကွန်ရက်ပေါ်တွင် လေ့လာနိုင်တော့မည်ဖြစ် သည်။
အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင်ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရန် ၂၀၁၃ ခုနှစ်ဇွန်လတွင်လိုင်စင်ရရှိခဲ့သည်။ အူရီဒူးမြန်မာသည် ပြည်သူများ၏လူမှုဘဝကိုဒစ်ဂျစ်တယ်လူနေမှုဖြင့်တောက်ပကောင်းမွန်အောင်လုပ်ဆောင်ပေးမည် ဆိုသည့် ရည်မှန်းချက်နှင့်အတူ မြန်မာနိုင်ငံ၏ဆက်သွယ်ရေးကဏ္ဍတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရာ၌ ဦးဆောင်လျှက်ရှိနေပါသည်။ အူရီဒူးမြန်မာသည်လက်ရှိတွင် တစ်ဦးချင်းအသုံးပြုသူများအတွက်သာမက စီးပွားရေး လုပ်ငန်းများ၊ အစိုးရဌာနများနှင့်အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက်လည်း လုပ်ငန်းများတိုးတက်ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေရန် ဝန်ဆောင်မှုများစွာပေးအပ်လျက်ရှိပါသည်။ အဆိုပါဝန်ဆောင်မှုများသည် လူမှုဘဝဖွံ့ဖြိုးရေးနှင့် လုပ်ပိုင်ခွင့်အခွင့်အလမ်းများရရှိရေးတို့ကိုဦးတည်၍ ဝန်ဆောင်မှုပေးထားသဖြင့် ပြည်သူများအားလုပ်ကိုင်စွမ်းအားများကို မြှင့်တင်ပေးခြင်းနှင့်စီးပွားရေးလုပ်ငန်းများကို ပိုမိုချောမွေ့စွာလုပ်ဆောင်နိုင်မှာဖြစ်ပါသည်။ အူရီဒူးမြန်မာသည် ၎င်း၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့်လူမှုအကျိုးပြုလုပ်ငန်းများမှတဆင့်ပြည်သူများ၏ ဘဝကိုတောက်ပကောင်းမွန်စေရန် လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။
အသေးစိတ်ပိုပိုသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Facebook: https://www.facebook.com/OoredooMyanmar