COVID-19 ကြောင့် Ooredoo နှင့် Mytel တို့မှ ဆင်းကတ်နှင့်ဖုန်းငွေအပိုလက်ဆောင်များပေးအပ်

COVID-19 ရောဂါကြောင့် အသွားအလာကန့်သတ်ချက်များရှိရာ ပြည်သူများအတွက် ဆက်သွယ်ရေးအော်ပရေတာများဖြစ် သော Ooredoo မှ ဆင်းကတ်များလှူဒါန်းခြင်းခြင်း Mytel မှ ဖုန်းငွေအပိုဆုများပေးအပ်ခြင်းများကို ဆောင်ရွက်နေပြီဖြစ် ကြောင်းသိရသည်။
လူမှုပတ်ဝန်းကျင်ကို တာဝန်သိတတ်သော မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာတစ်ခု ဖြစ်သည့် အူရီဒူးမြန်မာသည် COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် ပံ့ပိုးကူညီမှုပြုလုပ်ပေးနေသည့် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုကို ကူညီပေးရန်အတွက် အူရီဒူးဆင်းကတ် ၁,၀၀၀ ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးမှ ညွှန်ကြားရေးမှူး ဦးမိုးဟိန်းထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်းသိရသည်။ အူရီဒူးမြန်မာမှ အသွားအလာကန့်သတ်ခြင်းအတွက် သတ်မှတ်ထားသောနေရာများတွင် နေထိုင်ရသူများအသုံးပြုနိုင်ရန် ရက် ၆၀ သက် တန်းရှိ 1GB ပမာဏ အခမဲ့ဒေတာ နှင့် TopUp များပါရှိသည့် ဆင်းကတ် ၁,၀၀၀ ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရထံသို့ပေးအပ်ပြီး ကူညီလှူဒါန်းခဲ့ခြင်းလည်းဖြစ်သည်။
ရောဂါကာကွယ်ရေးအတွက် အသွားအလာကန့်သတ်ခြင်း ခံထားရသူများအနေဖြင့် မိသားစုမိတ်ဆွေများနှင့် ဆက်သွယ် နိုင်ရန် နှင့် အသွားအလာကန့်သတ်ခြင်းအချိန် ကျော်လွန်ပြီးမြောက်သွားသည့် အခါတွင်လည်း တာဝန်ရှိများမှ ၎င်းတို့အား အလွယ်တကူ ဆက်သွယ်နိုင်ရန်အတွက် ဆင်းကတ်များကို ယခုကဲ့သို့ ကူညီလှူဒါန်းပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။

Photo Source https://web.facebook.com/OoredooMyanmar/

ဆက်သွယ်ရေးအော်ပရေတာ Mytel အနေဖြင့်လည်း ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားနေမှုကြောင့် Mytel အသုံးပြုသူများအတွက် ငွေဖြည့်ရာတွင်ဖြည့်သွင်းလိုက်သည့်ငွေပမာဏ၏ ၅၀ ရာခိုင်နှုန်းကို အပိုလက်ဆောင်အဖြစ် ပေးအပ်မည့် အစီအစဉ်ကို သုံးလကြာထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ယခုကဲ့သို့ ရောဂါမပျံနှံ့အောင်ကာကွယ်တားဆီးနေသောကာလအတွင်း၌ အိမ်မှတစ်ဆင့်အဆင်ပြေစွာ အလုပ်လုပ်နိုင်ရန်၊ နောက်ဆုံးပေါ်သတင်းများကိုသိနိုင်ရန်၊ မိမိချစ်ခင်ရသောမိတ်ဆွေသူငယ်ချင်းများ၊မိသားစုဝင်များနှင့် ဆက်သွယ်နိုင်ရန် အတွက်မရှိမဖြစ်လိုအပ်သောဆက်သွယ်ရေးနှင့်အင်တာနက်ထောက်ပံ့မှုများကို Mytel မှအကောင်းဆုံးဖြစ်အောင် ပံ့ပိုးသွားမည်ဖြစ်ကြောင်းလည်းသိရသည်။
“အခုလက်ရှိဖြစ်ပွားနေတဲ့ကမ္ဘာလုံးဆိုင်ရာကူးစက်ရောဂါ COVID-19 ကြောင့်တစ်နိုင်ငံလုံးအပေါ် အကျိုးသက်ရောက်မှု တွေကို မြင်ရတော့ ကျွန်တော်တို့အနေနဲ့တကယ်စိတ်မကောင်းဖြစ်မိပါတယ်။ ပြည်သူအများစုကအပြင်ထွက်တာမျိုး၊ သူငယ်ချင်းတွေနဲ့ချိန်းပြီးလျှောက်သွားတာမျိုး၊ ကျန်းမာရေးအတွက်ကာယလေ့ကျင့်ခန်းတွေလုပ်တာမျိုးတွေကို ဆင်ခြင် နေရတဲ့အပြင် စီးပွားရေးလုပ်ငန်းအတော်များများဟာဆိုရင်လည်း အိမ်ကတစ်ဆင့်အလုပ်လုပ်ရတဲ့ အလေ့အထကို စတင်ကျင့်သုံးနေကြပြီလည်းဖြစ်ပါတယ်။ လုပ်ငန်းတွေအတွက်ပဲဖြစ်ဖြစ်ပုဂ္ဂိုလ်ရေးအတွက်ပဲဖြစ်ဖြစ် ဒီလိုအခြေအနေမျိုးမှာ အားလုံးကအခြေအနေနဲ့လိုက်လျောညီထွေရှိတဲ့ အလေ့အထတွေကိုပြောင်းလဲဖို့လိုအပ်လာသလိုအများနဲ့ ဆက်သွယ် ရေးမပြတ်တောက်ဖို့အတွက် e-communication တွေလုပ်ဆောင်ဖို့လိုအပ်လာပါတယ်။ ခုဖြစ်နေတဲ့အခြေအနေဟာ ပြည်သူတွေအားလုံးရဲ့နေ့စဉ်ဘဝကိုပဲပြောင်းလဲစေတာမဟုတ်ပဲ အင်တာနက်နဲ့ဆက်သွယ်ရေးကွန်ရက်တွေကို ပိုမိုအသုံးပြုလာရတာကြောင့်ငွေကြေးအရလည်းထိခိုက်စေပါတယ်။ Mytel အနေနဲ့ဒီလိုအခက်အခဲတွေကို နားလည်တာ ကြောင့်အားလုံးကိုလည်း တစ်ဖက်တစ်လမ်းကကူညီပေးချင်တဲ့အတွက် ၅၀ ရ အပိုလက်ဆောင်ပေးမယ့် အစီအစဉ်ကို စတင်ဖို့ဆုံးဖြတ်ခဲ့တာပါ။ဒီအစီအစဉ်ကြောင့် Mytel အသုံးပြုသူအားလုံးငွေချွေတာနိုင်ရုံသာမကပဲအိမ်မှာနေရင်းနဲ့ Mytel ရဲ့ဝန်ဆောင်မှုတွေကိုပိုမိုအဆင်ပြေပြေအသုံးပြုနိုင်မှာဖြစ်ပါတယ်။ အားလုံးလည်းအန္တရာယ်ကင်းစွာနဲ့ဘေးကင်းလုံခြုံရေး၊ ကျန်းမာရေးအတွက်လိုအပ်တဲ့အစီအမံတွေကိုလည်း အလေးအနက်ထားပြီး ဆောင်ရွက်နေပါမယ်လို့ကျွန်တော်ထင်ပါတယ်။ အားလုံးပဲအားတင်းပြီးဒီအခက်အခဲကိုအတူတကွရင်ဆိုင်ဖြေရှင်းလိုက်ကြရအောင်လို့တိုက်တွန်းချင်ပါတယ်” ဟု Mytel ၏ပြင်ပဆက်ဆံရေးအရာရှိချုပ်ဦးဇော်မင်းဦးက ပြောကြားသည်။

Photo Source https://web.facebook.com/mytelmyanmar/

အဆိုပါပရိုမိုရှင်းအစီအစဉ်ကို ၂၀၂၀၊ မတ်လ ၃၁ ရက်နေ့မှစတင်၍ ၂၀၂၀၊ဇွန်လ ၃၀ ရက်နေ့အထိ လုပ်ဆောင်သွား မည်ဖြစ်သည်။ ပရိုမိုရှင်းကာလအတွင်းဖုန်းငွေဖြည့်မှုပြုလုပ်သည့်အခါတိုင်း ငွေဖြည့်လိုက်သည့်ပမာဏ၏ ၅၀ ရာခိုင်နှုန်း အပိုလက်ဆောင်ဆုကြေးအဖြစ် ပရိုမိုးရှင်းလက်ကျန်ငွေသို့ထည့်သွင်းပေးသွားမည်ဖြစ်သည်။ ထိုဆုကြေးအား Mytel အချင်းချင်းဖုန်းခေါ်ဆိုခြင်း၊ SMS ပို့ခြင်းနှင့်ဒေတာအသုံးပြုခြင်းများအတွက် သုံးသလောက်ပေးအစီအစဉ်အတွက် အသုံးပြု နိုင်မည်ဖြစ်ကြောင်းသိရသည်။