Google နဲ့ယှဉ်ပြိုင်ဖို့အတွက် Web Search Product တစ်ခုစမ်းသပ်နေတယ်ဆိုတဲ့ OpenAI

ChatGPT လိုအောင်မြင်တဲ့ပလက်ဖောင်းမျိုးနဲ့ AI နည်းပညာလောကရဲ့ နေရာတစ်ခုကိုရောက်ရှိနေတဲ့ OpenAi ဟာလည်း Google ရဲ့နောက်ဆုံးမိတ်ဆက်လိုက်တဲ့ web search feature နဲ့ဆင်တူတဲ့ web search product တစ်ခုကို စမ်းသပ်နေတယ်လို့ သတင်းတွေထွက်ရှိနေပါတယ်။

OpenAI ရဲ့စမ်းသပ်နေတဲ့ web search product ဟာ Google နဲ့ Bing လို Platform တွေကို ယှဉ်ပြိုင်လာနိုင်စွမ်းရှိမယ်လို့လည်း ကောလဟာလတွေ ထွက်ရှိနေတာ ဖြစ်ပါတယ်။ နောက်ဆုံး Report တွေအရ OpenAI ဟာ Microsoft Bing ရဲ့ Search လုပ်ဆောင်ချက်ပုံစံမျိုးတွေကို အခြေခံထားတဲ့ Search Tool တစ်ခုကို ပြုလုပ်နေတာလို့လည်း သိရပါတယ်။

OpenAI အနေနဲ့ ဒီလုပ်ဆာင်ချက်တွေအပေါ် တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးပေမယ့် ChatGPT ရဲ့ လုပ်ဆောင်ချက်တွေ၊ Web browsing လုပ်ဆောင်ချက်တွေကို အဆင့်မြှင့်တင်ဖို့ ကုမ္ပဏီအနေနဲ့ ကြိုးစားနေတယ်ဆိုတာကတော့ သိသာပါတယ်။ တချို့သော report တွေအရတော့ OpenAI ရဲ့ အခုစမ်းသပ်နေတဲ့လုပ်ဆောင်ချက်ဟာ Subscription ပြုလုပ်ပြီး အသုံးပြုနေကြတဲ့ User တွေအတွက် ChatGPT နဲ့ ပေါင်းစပ်လာမယ့် Tool တစ်ခုဖြစ်လာနိုင်တယ်ဆိုပြီးလည်း မှတ်ချက်ပေးနေကြပါတယ်။ ဒီလို Premium Feature တစ်ခုအနေနဲ့လာမလား သီးသန့်လာမလားဆိုတာကိုတော့ OpenAI ရဲ့ဆုံးဖြတ်မှုဖြစ်သလို သူ့ရဲ့ တရားဝင်ထုတ်ပြန်ချက်တွေကို စောင့်ကြည့်နေရဦးမှာ ဖြစ်ပါတယ်။

Image: GettyImages

Microsoft ရဲ့ အခုနှစ်တွေအတွင်း AI Startup နယ်ပယ်မှာ ကြီးမားတဲ့ရင်းနီးမြှုပ်နှံမှုတွေ ပြုလုပ်နေခဲ့သလို ဒီလိုပြုလုပ်မှုတွေအတွက် တိုးတက်လာတဲ့ Bing နဲ့ Copilot တွေက သက်သေတွေလို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့် Microsoft ရဲ့ ဒီလိုတိုးတက်မှုတွေမှာ OpenAI ရဲ့ အထောက်ပံ့တွေလည်းပါတယ်ဆိုတာကတော့ ငြင်းလို့မရပါဘူး။ Microsoft အနေနဲ့ Bing Web Search နဲ့ Copilot တွေအတွက် OpenAI Model ကို ပေါင်းစပ်အသုံးပြုထားပါသေးတယ်။ Microsoft နဲ့ OpenAI လို ကုမ္ပဏီကြီးနှစ်ခုရဲ့ AI နယ်ပယ်မှာ ပူးပေါင်းလိုက်မှုကလည်း သမားရိုးကျ Keyword နဲ့ Link တွေကို အခြေခံတဲ့ Search Engine တွေထက် အများကြီးပိုအလုပ်ဖြစ်နေတာကို တွေ့ရမှာပါ။

OpenAI ရဲ့ နည်းပညာအသစ်တွေဟာ ဖြစ်လာနိုင်ချေ၊ တိုးတက်လာနိုင်ချေတွေ အများကြီးရှိနေပေမယ့် အသုံးပြုသူ User တွေအနေနဲ့လည်း သမားရိုးကျနည်းလမ်းတွေကို အသားကျနေတာကတော့ အမှန်ပါပဲ။ OpenAI ရဲ့ အခုလိုစမ်းသပ်မှုတွေနဲ့အတူ သမားရိုးကျ Search Engine တွေက နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်မလား၊ ဘယ်လိုလုပ်ဆောင်ချက်တွေ အသုံးပြုလုပ်ဆောင်နိုင်မလဲဆိုတာကိုတော့ စိတ်ဝင်စားစရာကောင်းနေပါပြီ။