အာကာသထဲက အမှိုက်များ
Image Source: https://www.universetoday.com
အမှိုက်ဆိုတာကတော့ လူတွေအသုံးမလိုတော့လို့ စွန့်ပစ်လိုက်တဲ့အရာတွေပါ။ လူ့အသိုင်းအ၀န်းရဲ့ခေတ်မီဖွံ့ဖြိုးမှုအပေါ်မူတည်ပြီးစွန့်ပစ်နည်း၊ သိမ်းဆည်းနည်းတွေကွာသွားတာပဲရှိပါတယ်။ အမှိုက်တွေကိုစနစ်တကျစွန့်ပစ်၊ သိမ်းဆည်းမှုတွေသာမရှိဘူးဆိုရင် ပထမဆုံးပတ်၀န်းကျင်ညစ်ပတ်မယ်၊ ပြီးတော့တဖြည်းဖြည်းနဲ့ လူတွေရဲ့ကျန်းမာရေးကို ထိခိုက်စေလာမှာတော့အမှန်ပါပဲ။ ဒါ့ကြောင့်လည်းလူတစ်ဦးချင်းစီရဲ့ အသိစိတ်နဲ့သော်လည်းကောင်း၊ အစိုးရရဲ့လက်အောက်ခံ အဖွဲ့အစည်းတွေနဲ့သော်လည်းကောင်း စနစ်တကျစွန့်ပစ်သိမ်းဆည်းမှုတွေ ပုံမှန်လုပ်ဆောင်နေရတာပဲဖြစ်ပါတယ်။
ဒါကလည်း ကျွန်ုပ်တို့လူသားတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ ကမ္ဘာမြေကြီးပေါ်က အမှိုက်တွေကိုပဲဆိုလိုတာပါ။ လူတွေမသိနိုင်တဲ့ ကမ္ဘာမြေကြီးရဲ့အပြင်ဘက် အာကာသကြီးထဲမှာလည်း အမှိုက်တွေများစွာရှိနေပါတယ်။ လူသားတွေနဲ့ တိုက်ရိုက်ထိတွေ့မှုမရှိဘူးဆိုပေမယ့်လည်း တချိန်ချိန်မှာတနည်းနည်းနဲ့တော့ လူတွေကိုဆိုးကျိုးတွေပေးနိုင်ပါတယ်။ ဒီလိုအာကာသထဲက အမှိုက်တွေနဲ့ပက်သက်ပြီး ဒီ(Internet Journal) လင့်ခ်မှာရေးသားထားတဲ့ အကြောင်းအရာတွေကို အောက်မှာဆက်လက် ဖော်ပြပေးချင်ပါတယ်။
အမှိုက်ဆိုသည်မှာ လူတို့မလို အပ်တော့သဖြင့် စွန့်ပစ်ခြင်းမှ ထွက်ပေါ်လာသော အရာဝတ္ထု ပစ္စည်းအမျိုးမျိုးကို ယေဘုယျအားဖြင့် သိရှိထားကြမည် ဖြစ်သည်။ လူသားတို့ အနေဖြင့် တစ်နေ့တစ်နေ့ အမှိုက်စွန့်ပစ်မှု အလေးချိန်သည် ကမ္ဘာနှင့်ချီ၍ ချိန်တွယ်ရလျှင် ကီလိုဂရမ် သန်းပေါင်းများစွာ ရှိနိုင်ပေသည်။ မီးရှို့၍လည်းကောင်း၊ လျှပ်စစ်ပြန်လည် ထုတ်ယူခြင်းဖြင့် လည်းကောင်း၊ မြေမြှုပ်ပစ်ခြင်းဖြင့် လည်းကောင်း အမှိုက်မျိုးစုံကို ရှင်းလင်းလျက် ရှိသော်လည်း ရုပ်ဝတ္ထုပစ္စည်းများ ပိုမိုတိုးတက် လာလေလေ အမှိုက်ထွက်ရှိမှု ရာခိုင်နှုန်းသည်လည်း တိုးလာလေလေပင် ဖြစ်သည်။
ထို့ကြောင့် အမှိုက်ကင်းစင်ပြီး သန့်ရှင်းသော ကမ္ဘာမြေကြီး ဖြစ်တည်နိုင်ရန်အလို့ငှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများ လုပ်ဆောင်မှုသည် ကမ္ဘာမြေကြီး အတွင်း၌ အတိုင်းအတာ တစ်ခုအထိအောင် မြင်ခဲ့သော်လည်း ကမ္ဘာအပြင်ဘက် (တစ်နည်းအားဖြင့်) အာကာသထဲတွင် အာကာသအမှိုက်ဟု အမည်ပေးထားသော ပစ္စည်းများ၊ ဂြိုဟ်တုအပျက်များဖြင့် ကမ္ဘာမြေကြီး ပတ်လည်တွင် ဖုံးလွှမ်းလျက် ရှိသည်ကို တွေ့ရှိရမည် ဖြစ်သည်။
၁၉၅၇ ခုနှစ်က ဆိုဗီယက် ပြည်ထောင်စုသည် Sputnik ဂြိုဟ်တုကို စတင်လွှတ်တင်ခဲ့ပြီးနောက် လူသားတို့၏ အာကာသစူးစမ်း လေ့လာရေး ခရီးစဉ်များစတင်ခဲ့ကာ အဆိုပါအချိန်မှစ၍ ကမ္ဘာပတ်လမ်းအတွင်း အန္တရာယ်ဖြစ်စေနိုင်သော အာကာသ အမှိုက်အစအနများ စတင်ဖြစ်ပေါ် တည်ရှိနေခဲ့သည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း၆၀နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်။ သိပ္ပံပညာရှင်များက အာကာသ အမှိုက်အစအန ပေါင်း သန်း ၁၀၀ ကျော်ခန့် ရှိလိမ့်မည်ဟု ခန့်မှန်းထားကြပြီး ၎င်းတို့သည် နေ့စဉ်နှင့်အမျှ တိုးပွားလာနေကာ အနာဂတ် အာကာသစူးစမ်း လေ့လာရေး ခရီးစဉ်များအတွက် ကြီးမားသော ခြိမ်းခြောက်မှုအဖြစ် ရပ်တည်လာနေ ကြောင်းမှတ်ချက်ပြုကြသည်။ ယခုအခါ အာကာသအမှိုက်များကြောင့် နှစ်စဉ်နှစ်တိုင်း ထိခိုက်ပျက်စီးမှု အကြိမ်ရေရာနှင့်ချီ၍ ကြုံတွေ့နေကြရသည်ဟု သိပ္ပံပညာရှင်များက ပြောဆိုကြပါသည်။
အာကာသအမှိုက်များကို SpaceDebrisသို့မဟုတ် SpaceJunkဟုခေါပြီး ၎င်းတို့တွင်ဂြိုဟ်တုအဟောင်းများ၊ ဒုံးပျံလွှတ်တင်မှုအစိတ်အပိုင်းများအပြင် ၎င်းတို့အချင်းချင်းထိခိုက်မိခြင်းကြောင့် ထပ်မံပြိုကွဲထွက်ပေါ်လာသော အရာဝတ္ထု များအားလုံးကို သတ်မှတ်နိုင်သည်။ ၂၀၁၃ ခုနှစ် ဇူလိုင်လ၏ ခန့်မှန်းချက်အရ အရွယ်အစား ၁ စင်တီမီတာထက် သေးငယ်သော အာကာသအမှိုက်သည် သန်း ၁၇၀ ခန့်၊ ၁ မှ ၁၀ စင်တီမီတာကြားသည် ၆၇၀၀၀၀ ခန့်နှင့် ၎င်းတို့ထက်ပိုမို ကြီးမားသော အစိတ်အပိုင်းများသည် ၂၉၀၀၀ ခန့် အာကာသ ပတ်လမ်းများထဲတွင် တည်ရှိကာ ကမ္ဘာမြေကို ၀န်းရံလျက် ရှိသည်ဟုဆိုသည်။
လက်ရှိတွင် ၅ စင်တီမီတာ အရွယ်ထက်ကြီးသော အပိုင်းအစပေါင်း ၁၉၀၀၀ ခန့်နှင့် ၁ စင်တီမီတာအောက် ငယ်သောအရေအတွက် ၃၀၀,၀၀၀ ခန့်ကို ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၂၀၀၀ ၀န်းကျင်တွင် ရှာဖွေတွေ့ရှိထား ပေသည်။ ၁၀ စင်တီမီတာထက် ကြီးသောအရာဝတ္ထုများအား အာကာသယာဉ်၏ အနေအထားကို ပြောင်းပေးခြင်းဖြင့် ရှောင်တိမ်းနိုင်ပေသည်။ ၁ ကီလိုဂရမ် ထက်လေးပြီး တစ်စက္ကန့်လျှင် ၁၀ ကီလိုမီတာနှုန်းဖြင့် ပျံသန်းလာသော အမှိုက်ခဲတစ်ခုနှင့် ထိမိခဲ့သော် ၁၀၀၀ ကီလိုဂရမ်ရှိသော အာကာသယာဉ်မှာ တစ်စစီကျိုးပဲ့ ပျက်စီးသွားပေ လိမ့်မည်ဖြစ်သည်။ ထို့ကြောင့်လည်း အာကာသ အမှိုက်များသည် ကမ္ဘာမြေကြီးအတွက် တိုက်ရိုက်ဆိုးကျိုး မပြုသော်လည်း မိမိတို့လူသားများ၏ ဆက်သွယ်မှုဆိုင်ရာ အမျိုးမျိုးအတွက် အသုံးပြုနေသော ဂြိုဟ်တုများကို ဆိုးရွားစွာဖြစ်စေ နိုင်မည်ဖြစ်သည်။
၁၉၄၆ ခုနှစ်တွင် ဖရက်ဝှစ် ဖဲလ်ဆိုသူက အာကာသထဲရှိ အရာဝတ္ထုငယ်လေးများသည် ကမ္ဘာလေထုအတွင်း ၀င်ရောက်လာသောအခါ ၎င်းတို့၏အလျင်ကို ထိန်းမထားနိုင်ဘဲ အရှိန်လျော့ကျလာရာမှ မြေပြင်ပေါ်သို့ သတ္တု၊ သို့မဟုတ် ကျောက်သားအသွင် သက်ဆင်းလာတတ်ကြောင်း တင်ပြနိုင်ခဲ့ပါသည်။ ၎င်းနောက် သုတေသန ပညာရှင်များအနေဖြင့် ထိုတင်ပြမှုမှ အစပြု၍ ဆက်လက်လေ့လာ လာခဲ့ရာ ကမ္ဘာမြေကြီး အပြင်ဘက်တွင် အာကာသ အမှိုက်များသည် တဖြည်းဖြည်းဖြင့် များပြားလာနေသည်ကို တွေ့ရှိခဲ့ကြပေသည်။ ထိုအမှိုက်များသည် ဂြိုဟ်သိမ်ဂြိုဟ်မွှားများမှ ပဲ့ထွက်လာသော ဥက္ကာခဲ အပိုင်းအစများထက် လူသားတို့ အသုံးပြုပြီးသည့်နောက် မလိုအပ်တော့သဖြင့် စွန့်ပစ်ထားခဲ့သော ဂြိုဟ်တုပျက်များ၊ ဒုံးကျည်အစိတ် အပိုင်းများနှင့် ၎င်းတို့အချင်းချင်း ထိခိုက်မိရာမှ ထပ်မံပြိုကွဲလာသော အပိုင်းအစများက ပိုမိုများပြားပေသည်။ သက်တမ်းအရှည်ဆုံး အမှိုက်အဖြစ် ၁၉၅၈ ခုနှစ်က အမေရိကန်တို့ လွှတ်တင်ခဲ့သော ဗန်ဂတ်-၁ ဂြိုဟ်တုသည် ကမ္ဘာအလယ်အလတ် ပတ်လမ်းအတွင်း ဂြိုဟ်တုပျက်၊ သို့မဟုတ် အာကာသအမှိုက် တစ်ခုအဖြစ် ယနေ့ထိတိုင် တည်ရှိနေပါသေးသည်။
အာကာသ အမှိုက်များကြောင့်ဟု ယူဆရသော ထိခိုက်ပျက်စီးမှုများကို ရှာဖွေလေ့လာ ကြည့်မည်ဆိုလျှင် ၁၉၈၁ ခုနှစ် ဇူလိုင် ၂၄ ရက်က ရုရှားနိုင်ငံ၏ ကော့စမော့- ၁၂၇၅ ဂြိုဟ်တုသည် လွှတ်တင်ပြီး ၁ လအကြာတွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့ကာ ၎င်းမှအပျက်အစီးပေါင်း ၃၀၀ ခန့်ကို ချန်ထားရစ်ခဲ့ပေသည်။ ၁၉၉၃ ခုနှစ် သြဂုတ်လ ၁၁ ရက်ကလည်း ဥရောပအေဂျင်စီ၏ အိုလံပတ် -၁ ဂြိုဟ်တုသည် ဥက္ကာခဲထိမှန်ပြီး ပတ်လမ်းအပြင်သို့ လွင့်ထွက်သွားခဲ့ပါသည်။ ၂၀၀၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်က ပြင်သစ်နိုင်ငံ၏ ချာရီစီဂြိုဟ်တုငယ်သည် အာရီယန်-၁ ၏ ဒုံးအင်ဂျင် အစိတ်အပိုင်းအစများကြောင့် အလုပ်လုပ်ဆောင်မှု ရပ်ဆိုင်းခဲ့ပါသည်။ ၂၀၀၉ ခုနှစ်က ရုရှားနိုင်ငံ၏ ကော့စမော့- ၂၂၅၁ နှင့် အမေရိကန်၏ အီရီယံ- ၃၃ တို့ ထိပ်တိုက်တိုးမိခဲ့ကြပြီး အမှိုက်အစုအဝေး ဖြစ်ပေါ်စေခဲ့ပါသည်။
ထိုအကြောင်း အရာများကို ကြည့်ရှုခြင်းဖြင့် အာကာသ အမှိုက်များသည် ကျွန်ုပ်တို့အပေါ် မည်ကဲ့သို့ သွယ်ဝိုက်ထိခိုက် စေနိုင်သည်ကို တွေ့ရှိနိုင်မည် ဖြစ်သည်။ အာကာသ အမှိုက်များသည် ကျွန်ုပ်တို့ နေထိုင်ရာ ကမ္ဘာကြီးကို ပတ်လမ်းများအတိုင်း ၀န်းရံနေသည်ဆိုလျှင် ကမ္ဘာမြေပြင်ကို ဂြိုဟ်တုများ၊ အာကာသယာဉ်များမှ ဓာတ်ပုံရိုက်သည့်အခါ ထိုအမှိုက်များကို မမြင်ရသနည်းဟု သင့်အနေဖြင့် မေးမြန်းစရာ ရှိလာမည်ဖြစ်သည်။ ထိုမေးခွန်းသည် အလွန်ကောင်းသော မေးခွန်းတစ်ခု ဖြစ်သလို သင့်အနေဖြင့် သိရှိလိုမည်ဟုလည်း ယုံကြည်ပေသည်။ မေးခွန်း၏ အဖြေကရိုးရှင်း လွန်းပါသည်။ အဘယ်ကြောင့် ဓာတ်ပုံထဲတွင် အာကာသအမှိုက်များကို မမြင်တွေ့ရသနည်း ဆိုသော်၎င်းတို့ကို ရိုက်ယူသည့် နိုင်ငံတကာ အာကာသစခန်းနှင့် ကမ္ဘာမြေသည် ဝေးကွာသည်က တစ်ကြောင်း၊ ထိုအမှိုက်များသည် လွန်စွာသေးငယ်သည်က တစ်ကြောင်းနှင့် ကျွန်ုပ်တို့ ကမ္ဘာမြေကြီးသည် ၎င်းအကြောင်း အရာတို့နှင့် နှိုင်းယှဉ်လျှင် လွန်စွာကြီးမားသည်က တစ်ကြောင်း အစရှိသည့် အကြောင်းများကြောင့် မမြင်တွေ့ရခြင်းလည်း ဖြစ်သည်။
ထို့အပြင် အတော်အသင့် ကြီးမားသော အမှိုက်စတစ်ခုကို ဓာတ်ပုံရိုက်ယူလျှင်ပင် အရာဝတ္ထုတစ်ခု အနေဖြင့်သာ သိရှိနိုင်မည်ဖြစ်ပြီး အသေးစိတ်တိတိကျကျ သိရှိနိုင်မည် မဟုတ်ပေ။ သို့သော် ၎င်းအမှိုက်စတို့သည် သေးငယ်သော်လည်း အလွန်အန္တရာယ်ရှိသော ပစ္စည်းများဖြစ်ပြီး လျင်မြန်သော အရှိန်နှုန်းဖြင့် လှည့်လည်သွားလာ နေလျက်ရှိပေသည်။ ထိုကဲ့သို့ အန္တရာယ်ရှိသော အမှိုက်များနှင့် ပတ်သက်၍ မည်ကဲ့သို့သော ဆောင်ရွက်မှုမှ ဆောင်ရွက်မှု မရှိဘူးလားဟု မေးခွန်းရှိလာမည် ဖြစ်သည်။
အမှိုက်များကို ထောက်လှမ်းရန် မြေပြင်အခြေစိုက် ရေဒါနှင့်လေဆာ ကိရိယာများကို အသုံးပြုနိုင်ပြီး ၎င်းတို့သည် ၁ စင်တီမီတာ အရွယ်ရှိ အပိုင်းအစများကို ခြေရာခံနိုင် ကြပေသည်။ နာဆာအနေဖြင့် ၃ မီတာအချင်းရှိ မှန်သားအဖြစ် ပြဒါးရည်ကို သုံးထားသော တယ်လီစကုတ်ဖြင့် ရှာဖွေခြင်း၊ ဟက်ဘယ်အာကာသ မှန်ပြောင်းမှ နေရောင်ခံပြားများ၏ မျက်နှာပြင် အနေအထားကို ကြည့်၍လည်း အမှိုက်ဝန်းကျင်နှင့် သဘောသဘာဝကို လေ့လာကြပေသည်။
လူလုပ်အမှိုက်လျော့ကျ သွားမှုမှာ လွန်ခဲ့သော နှစ် ၅၀ အတွင်း တစ်ရက်လျှင် တစ်ခုနှုန်းသာ ဖြစ်ပါသည်။ အာကာသတွင် အမှိုက်များနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဘုံသဘောတူညီချက်မျိုး မရှိသေးသော်လည်း ကုလသမဂ္ဂ လက်အောက်ခံ အာကာသကို ငြိမ်းချမ်းစွာ အသုံးချကော်မတီ၏ အာကာသခရီးသွား လမ်းညွှန်ချက်တစ်ခုတော့ ရှိပါသည်။ နာဆာ၊ ဥရောပ အာကာသအေဂျင်စီနှင့် နိုင်ငံတကာ စံချိန်စံညွှန်းပြုစု ရေးအဖွဲ့အစည်း တို့ကလည်း အာကာသစွန့်ပစ် အမှိုက်များ လျော့ပါးစေရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းလျက် ရှိကြပါသည်။
ထို့အပြင် ဂျပန်နိုင်ငံအာကာသ စူးစမ်းရှာဖွေရေး အေဂျင်စီ (Japan Aerospace Exploration Agency – JAXA) သည် Kounotori ဟု အမည်ပေးထားသော အာကာသလွန်းပျံယာဉ်ကို H-IIB ဒုံးပျံဖြင့် အာကာသအတွင်းသို့ ယခင်နှစ်ကုန်ပိုင်းခန့်က လွှတ်တင်ခဲ့ပေသည်။ ဂျပန်ဘာသာစကားဖြင့် ”ငှက်ကျား” ဟုအမည်ရသော အဆိုပါ အာကာသယာဉ်ကို ဂျပန်နိုင်ငံ တောင်ပိုင်း Tanegashima ကျွန်းရှိ ဒုံးပျံလွှတ်တင်ရေး စခန်းမှလွှတ်တင် ခဲ့ခြင်းဖြစ်ကာ ကမ္ဘာပတ်လမ်းအတွင်းရှိ အာကာသအမှိုက် (Space Junk) များအား ရှင်း လင်းဖယ်ရှားမည့် Space Junk Collector တစ်ခုလည်း ပါရှိသွားကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။
Space Junk Collector သည် ကမ္ဘာပတ်လမ်းအတွင်းရှိ ဂြိုဟ်တုအဟောင်းများနှင့် ဒုံးပျံအပိုင်းအစများမှ ထွက်ရှိလာသည့် အာကာသ အမှိုက်များကို အထူးပြုလုပ်ထားသော လျှပ်စစ်သံလိုက် အသုံးပြုလံကြိုး (Electromagnetic Tether) အကူအညီဖြင့် ရှင်းလင်းမှု ပြုလုပ်သွားမည်ဖြစ်သည်။ ၎င်းလံကြိုးကို Stainless Steel နှင့် Aluminium တို့ဖြင့် အလွန်ပါးလွှာအောင် ပြုလုပ်ထားပြီး ယင်းသည် အာကာသ အမှိုက်များအနီးသို့ ရောက်ရှိပါက လျှပ်စစ်ထုတ်လွှတ်မှု တစ်ခုပြုလုပ်လိုက်မည် ဖြစ်သည်။ ကမ္ဘာ့သံလိုက် စက်ကွင်းနှင့် လံကြိုးမှ ထုတ်လွှတ်လိုက်သော လျှပ်စစ် လှိုင်းများအကြား အပြန်အလှန် သက်ရောက်မှု ဖြစ်ပေါ်ခြင်းသည် အာကာသ အမှိုက်များအပေါ် အလွန်နှေးကွေးသော အရှိန်တစ်ရပ် စတင်ဖြစ်ပေါ် စေမည်ဖြစ်ပြီး ယင်းသက်ရောက်မှုသည် ထိုအာကာသအမှိုက်ကို ကမ္ဘာပတ်လမ်းအတွင်းသို့ နိမ့်သည်ထက် နိမ့်အောင် ရွေ့လျားရောက်ရှိသွားစေ မည်ဖြစ်သည်။ ထိုသို့အားဖြင့် ကမ္ဘာ့လေထုလွှာ အတွင်းသို့ ၀င်ရောက်သွားသော အာကာသအမှိုက်သည် လေထုအတွင်း ပျက်ကျသွားမည်ဖြစ်ကာ ကမ္ဘာ့မျက်နှာပြင် တစ်နေရာရာသို့ မကျရောက်မီ မည်သူတစ်ဦးတစ် ယောက်ကိုမျှ ဘေးဥပါဒ်မဖြစ်စေဘဲ မီးလောင်ကျွမ်း ပျက်စီးသွားမည် ဖြစ်သည်ဟု JAXA မှ သတင်းထုတ်ပြန်ခဲ့သည်။
JAXA သည် အဆိုပါ အထူးပြုလုပ်ထားသည့် လျှပ်စစ်သံလိုက် လံကြိုးအတွက် ပိုက်ကွန်များ ထုတ်လုပ်သည့် ဂျပန်ကုမ္ပဏီ တစ်ခုဖြစ်သော Nitto Seimo ကုမ္ပဏီနှင့် လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကပင် စတင်လက်တွဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ယင်းလံကြိုးကို အလွန်ပါးလွှာသော Stainless Steel နှင့် Aluminium ဒြပ်ပစ္စည်းများဖြင့် နည်းပညာ အသုံးပြုကျစ် လုပ်ထားခြင်းဖြစ်ပြီး အရှည်အားဖြင့် ရ၀၀ မီတာ (၂,၃၀၀ ပေ) ခန့်ရှိကြောင်း Nitto Seimo ကုမ္ပဏီမှ အင်ဂျင်နီယာ တစ်ဦးဖြစ်သူ Katsuya Suzuki က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
JAXA ၏ Space Junk Collector ကို ယခုအခါ စမ်းသပ်အသုံးပြုဆဲ အချိန်ကာလအဖြစ် သတ်မှတ်ထားပြီး လာမည့်ဆယ်စုနှစ်အလယ် ၂၀၂၅ ခုနှစ်ခန့်တွင် အာကာသ နည်းပညာရှေ့တန်းရောက် ကမ္ဘာ့နိုင်ငံ အသီးသီးက တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြ လိမ့်မည်ဟု မျှော်မှန်းထားကြောင်း JAXA ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။ မည်သည့်အလုပ်မဆို လက်ဦးမှု ရယူခြင်းသည် အကောင်းဆုံးသော လုပ်ဆောင်မှု တစ်ခုပင်ဖြစ်ပြီး အန္တရာယ်ရှိသော အာကာသ အမှိုက်များကို စောလျင်စွာ သိမ်းဆည်းနိုင်ခြင်းဖြင့် အနာဂတ်အတွက် မလိုလားအပ်သော ဆိုးကျိုးများကို ကြိုတင်ကာကွယ်ရာလည်း ရောက်မည်ဖြစ်သည်။
ကျွန်ုပ်တို့ လူမှုဘဝအတွက် မျိုးစုံအသုံးဝင်နေသော ဂြိုဟ်တုများသည် ငွေကြေးအဆပေါင်းများစွာ အကုန်အကျခံလျက် လွှတ်တင်နေကြ သည်ဖြစ်ရာ တန်ဖိုးမရှိသော အမှိုက်စတစ်ခု တစ်လေကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက အကျိုးစီးပွားများစွာ ထိခိုက်မည် ဖြစ်ပါသည်။ ထို့ကြောင့်လည်း အာကာသ အမှိုက်များကို ရှင်းလင်းဆောင်ရွက်ရန် လုပ်ဆောင်ရာတွင် နိုင်ငံအသီးသီး အနေဖြင့် မိမိတို့၏ နည်းပညာ အသီးသီးကို ကွယ်ဝှက်မထားဘဲ နိုင်ငံတကာသို့ တင်ပြဆွေးနွေးကာ ဝေမျှခြင်းများ ပြုလုပ်စေလိုကြောင်း ပညာရှင်များက ထုတ်ပြန်ကြေညာ ထားရှိကြောင်း သတိပြုဖွယ် အာကာသအမှိုက် အန္တရာယ်အကြောင်းကို ဖော်ပြရေးသား လိုက်ရပါသည်။