နည်းပညာဆိုင်ရာစွန့်ဉီးတီထွင်မှုစွမ်းရည်ကို မြှင့်တင်နိုင်ရန် Technopreneurship For Myanmar 4.0 ဆွေးနွေးပွဲကျင်းပ

မြန်မာပြည်တွင်းဆက်သွယ်ရေအော်ပရေတာဖြစ်သော MPT နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) တို့က နည်း ပညာဆိုင်ရာ စွန့်ဦးတီထွင်မှုစွမ်းရည်ကို မြန်မာလူငယ်များအကြား မြှင့်တင်နိုင်ရန်အတွက် မြန်မာလူငယ်နည်းပညာ စွန့်ဦး တီထွင် ဖွံ့ဖြိုးရေးအစီအစဉ် (MYTDP) ၂၀၂၀ ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် “Technopreneurship for Myanmar 4.0” ဆွေးနွေးပွဲကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် ရန်ကုန်မြို့ရှိ MICT Park ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Technopreneurship For Myanmar 4.0 ကိုဆွေးနွေးပွဲကျင်းပခြင်းဖြင့် နည်းပညာပိုင်းဆိုင်ရာ အသိုင်းအဝန်းအချင်းချင်း ကောင်းစွာချိတ်ဆက်နိုင်စေပြီး မြန်မာနိုင်ငံအတွင်းမှ စွန့်ဦးတီထွင်လုပ်ငန်း ဆောင်ရွက်သူများအကြား ကွန်ရက်ချိတ်ဆက် ဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများဖော်ဆောင်နိုင်စေမည့်အပြင် လူငယ်တို့အတွက် စွန့်ဦးတီထွင်ခြင်းအလေ့အထကောင်း များကို ဖော်ဆောင်စေနိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

Photo Source – https://www.mpt.com.mm/en/

မြန်မာလူငယ်နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် (MYTDP) ကို ၂၀၁၇ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအစီအစဉ်၏ ရည်ရွယ်ချက်မှာ ဆန်းသစ်တီထွင်မှုရှိသော စီးပွားရေးအတွေးအခေါ်များဖြင့် စီးပွားရေးလုပ်ငန်းအခွင့်အ လမ်းကောင်းများကို ဖန်တီးပေးခြင်း၊ နည်းပညာကို အသုံးပြုပြီး လူမှုစီးပွားဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ခြင်း စသည့် မြန်မာ့စီးပွားရေးကို အကျိုးရှိစေမည့် ဆန်းသစ်တီထွင်မှုများ ဆောင်ရွက်နိုင်ရန်လည်းဖြစ်သည်။
“မြန်မာနိုင်ငံမှာ စီးပွားရေးစွမ်းဆောင်မှု ဂေဟစနစ်ကိုပုံဖော်တဲ့အခါ ကူညီနိုင်မယ့်နည်းပညာစွန့်ဦးတီထွင်မှု အထူးဆွေးနွေးပွဲ တွေ လိုအပ်နေပါတယ်။ Technopreneurship for Myanmar 4.0 ဆွေးနွေးပွဲဟာဆိုရင် လူငယ်တွေကြားမှာရှိတဲ့ နည်းပညာစွမ်းဆောင်ရှင်တွေကို အားပေးမြှင့်တင်ဖို့နဲ့ ပညာရပ်ဆိုင်ရာကျွမ်းကျင်မှု အကြောင်းအရာတွေကို ဖော်ထုတ်ပြီး ဒီနယ်ပယ်ထဲက ခေါင်းဆောင်တွေနဲ့ ဆက်သွယ်ခြင်းအားဖြင့် စိတ်ဓာတ်တက်ကြွမှု၊ အသိပညာရရှိမှုနဲ့ ဗဟုသုတတွေ ပိုပြီးတိုးပွားလာမှာဖြစ်ပါတယ်”ဟု MPT-KSGM JO ၏ Chief Operating Officer ဖြစ်သူ Mr. Koichi Kasuya က ပြောကြားသည်။

Photo Source – https://www.mpt.com.mm/en/

“MPT နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ MYTDP ရဲ့ အရင်ကပြုလုပ်ခဲ့တဲ့အစီအစဉ်တွေမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေရဲ့ ကြိုးပမ်းမှုတွေကို ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ နည်းပညာကုမ္ပဏီတည် ထောင်တယ်ဆိုတာ အရင်းအမြစ်တွေကို ထည့်ဝင်ရတာထက်ပိုတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်ဆိုတာကို နားလည်ဖို့ အရေးကြီးဆုံးပါ။ အနာဂတ်စီးပွားရေးလုပ်ငန်းတွေရဲ့ အောင်မြင်မှု သေချာရရှိဖို့အတွက် ဒီလိုသင်ယူလေ့လာမှုတွေကို ကြိုးစားဆောင်ရွက်ဖို့လည်းလိုအပ်ပါတယ်” ဟု မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ဥက္ကဋ္ဌဖြစ်သူ ဦးမင်းဇေယျာလှိုင်မှ ပြောကြားခဲ့သည်။
၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်တွင် လျှောက်လွှာများ ပိတ်သွားမည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်လိုသူများသည် ပဏာမအဆင့်နှင့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် နောက်ဆုံးအဆင့်အဖြစ် ပါဝင်ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။ မြန်မာ လူငယ်နည်းပညာစွန့်ဉီးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ အတွက် အနိုင်ရသူများကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက် တွင် ရွေးချယ်ပြီးထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

Photo Source – https://www.mpt.com.mm/en/

မြန်မာလူငယ်နည်းပညာစွန့်ဉီးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ တွင် ပါဝင်လိုသူများအနေဖြင့် အစီအစဉ်၏ တရားဝင်ဝက်ဘ်ဆိုက် https://www.mmtechnopreneurship.com တွင် လျှောက်ထားနိုင်သည့်အပြင် နိုင်ငံတစ်ဝန်းမှ MPT ရုံးများ http://bit.ly/2OGsOhv တွင်လည်း လျှောက်ထားနိုင်ပါသည်။ အစီအစဉ် အသေးစိတ် အချက်အလက်များနှင့် အချိန်ဇယားတို့ကို https://www.mmtechnopreneurship.com နှင့် တရားဝင်လူမှုကွန်ရက်စာမျက်နှာ https://www.facebook.com/mmtechnopreneurship တို့တွင် ဝင်ရောက် ကြည့်ရှု လေ့လာနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။