အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းရေး ရှေ့ပြေးစီမံချက်ကို အမ်းမြို့နယ်တွင် အကောင်အထည်ဖော်ရန် တယ်လီနောမြန်မာမှ တင်ဒါအောင်မြင်

တယ်လီနောမြန်မာသည် အခြေခံဆက်သွယ်ရေး လိုအပ်ချက် ဖြည့်ဆည်းရေးဆိုင်ရာ ရန်ပုံငွေ (USF) ရှေ့ပြေးစီမံချက်အား ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တင်ဒါအောင်မြင်ခဲ့ပြီဖြစ်ကြောင်း Telenor Myanmar မှ ၂၀၁၉ ခုနှစ် ဇွန်လ ၄ ရက်နေ့ထုတ်ပြန်ချက်အရသိရသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) က ပြီးခဲ့သည့်ရက် သတ္တပတ်တွင်ထုတ်ပြန်ခဲ့သည့် တရားဝင်ကြေညာချက်အရ တယ်လီနောမြန်မာသည် ကမ္ဘာ့ဘဏ်ရန်ပုံငွေဖြင့်ဆောင်ရွက် မည့် အဆိုပါ ရှေ့ပြေးစီမံချက်အတွက် တင်ဒါအောင်မြင်သည့် အော်ပရေတာနှစ်ခုအနက် တစ်ဦးဖြစ်ပြီး Lot 4 (အမ်းမြို့ နယ်) အတွက် တင်ဒါအောင်မြင်ခဲ့ခြင်းလည်းဖြစ်သည်။

Photo Source – https://bit.ly/2JXCraI

တင်ဒါအောင်မြင်ခဲ့သည့်အတွက် တယ်လီနောမြန်မာသည် အမ်းမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော နေရာ ဒေသများတွင် 2G/3G/4G ဝန်ဆောင်မှုများ ရရှိစေရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး ယခုလုပ်ဆောင်သွားမည့် ရှေ့ပြေးစီမံချက်မှတဆင့် အမ်းမြို့နယ်ရှိ ကျေးလက်နေလူဦးရေ (၁၀၁,၀၀၀) ဦးခန့် အထိ (မြို့နယ်လူဦးရေ၏ ၉၈ ရာခိုင်နှုန်း) ကို တိုးချဲ့လွှမ်းခြုံထား သွားနိုင်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photo Source – https://www.telenor.com.mm

“အခုလို ရွေးချယ်ခံခဲ့ရတဲ့အတွက် အရမ်းကိုဝမ်းမြောက်မိပြီး ဒီစီမံချက်ကို ယုံယုံကြည်ကြည်နဲ့ လုပ်ကိုင်ခွင့်ပေးခဲ့တဲ့ အတွက်လည်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကို ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။ မြန်မာနိုင်ငံမှာစတင် အလုပ်လုပ်ကိုင်ကတည်းက ရည်ရွယ်ထားသလိုပဲ တယ်လီနောမြန်မာအနေနဲ့ နိုင်ငံတဝန်းမှာရှိတဲ့ အသုံးပြုသူတွေအတွက် အကျိုးကျေးဇူးတွေ သယ်ဆောင်လာပေးနိုင်ဖို့အတွက် ပြည်နယ်နဲ့တိုင်းဒေသကြီးအားလုံးမှာ ကွန်ရက်ချဲ့ထွင်ဖို့နဲ့ အဆင့်မြှင့် တင်ဖို့ မနားမနေလုပ်ကိုင်ဆောင်ရွက်နေပါတယ်။ တယ်လီနောမြန်မာအနေနဲ့ ရခိုင်ပြည်နယ်မှာ တာဝါတိုင်ပေါင်း ၂၈၀ ကျော် တည်ဆောက်ထားပြီးဖြစ်သလို လူဦးရေစုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးကို ကွန်ရက်လွှမ်းခြုံထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် အခု ဒီ USF ရှေ့ပြေးစီမံချက်ကနေတဆင့် အမ်းမြို့နယ်အတွင်းက ပိုမိုများပြားတဲ့လူဦးရေပမာဏကို ကွန်ရက်တိုးချဲ့ လွှမ်းခြုံသွားနိုင်အောင် လုပ်ဆောင်သွားမှာ” ဟု တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ် Sharad Mehrotra က ပြောကြားသည်။

Photo Source – https://www.telenor.com.mm

အဆိုပါရှေ့ပြေးစီမံချက်သည် အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းရေးဆိုင်ရာ ရန်ပုံငွေ (USF) စီမံချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ကမ္ဘာ့ဘဏ်၏ပံ့ပိုးကူညီမှုဖြင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ စတင်ရေးဆွဲ ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတဝန်း နေရာဒေသအသီးသီးရှိ အခြေခံဆက်သွယ်ရေးပိုင်းဆိုင်ရာ လိုအပ်ချက်များအား ဖြည့်ဆည်း ပေးနိုင်ရန်ရည်ရွယ်ချက်ဖြင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက် နေ့မှစတင်၍ လျှောက်ထားခွင့်ရှိသော လိုင်စင်ရဆက်သွယ်ရေးအော်ပရေတာ ၄ ခုအား အဆိုပါရှေ့ပြေးစီမံချက်အတွက် တင်ဒါခေါ်ယူခဲ့ သည်။ တင်ဒါခေါ်ယူခဲ့သော နေရာဒေသများမှာနေထိုင်သူ လူဦးရေစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းအောက်သာ ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ရယူအသုံးပြုနိုင်နေသည့် မြို့နယ် ၄ မြို့နယ်ဖြစ်သော ကယားပြည်နယ်ရှိ ဖားဆောင်းမြို့နယ်၊ မကွေးတိုင်းဒေသကြီးရှိ စေတုတ္ထရာမြို့နယ်၊ ရခိုင်ပြည်နယ်ရှိ မင်းပြားနှင့် အမ်းမြို့နယ်တို့ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

Photo Source – https://www.telenor.com.mm

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ကမ္ဘာ့ဘဏ်မှသတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံတော် အစိုးရက ချမှတ်ထားသော တင်ဒါစည်းမည်းစည်းကမ်းများနှင့်အညီ တင်ဒါအနိုင်ရရှိသူများအား စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ နိုင်ငံအတွင်း ကွန်ရက်ချိတ်ဆက်မှုမရရှိသေးသည့် နေရာဒေသများတွင် အခြေခံဆက်သွယ်ရေး ကွန်ရက်တိုးချဲ့တည် ဆောက်နိုင်စေရန်ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းရေး ဆိုင်ရာ ရန်ပုံငွေ (USF) အတွက် ၂၀၁၇ ခုနှစ်မှ စတင်၍ တယ်လီနောမြန်မာသည် သက်ဆိုင်သော ဝင်ငွေပမာဏစုစုပေါင်း ၏ ၂ ရာခိုင်နှုန်းကို ထည့်ဝင်ခဲ့ပြီးဖြစ်သည်။
တယ်လီနောမြန်မာသည် ၎င်း၏ 4G/LTE ဝန်ဆောင်မှုများအား ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် တရားဝင် စတင်ပေးအပ်ခဲ့ပြီး ယခုလက်ရှိတွင် နိုင်ငံတဝန်း၌ ဆက်သွယ်ရေးတာဝါတိုင်စုစုပေါင်း ၈,၆၀၀ ကျော်နှင့် အရောင်းဆိုင်ပေါင်း (၁၀၀,၀၀၀) ကျော်အား ပိုင်ဆိုင်ထားပြီးဖြစ်ကာ မြန်မာနိုင်ငံ၏ 2G/3G/4G မိုဘိုင်းကွန်ရက်များဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၁၈ သန်းကျော်ကို ဝန်ဆောင်မှုများ ပေးအပ်လျက်ကြောင်းလည်းသိရသည်။