Vivo မှ 32MP Dual Pop-Up Selfie ရှေ့ကင်မရာပါ V17 Pro စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် တရားဝင်မိတ်ဆက်

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း အမှတ်တံဆိပ်တစ်ခု ဖြစ်သော Vivo မှ မြင့်မားသော နည်းပညာများဖြင့် ထုတ်လုပ်လျက်ရှိသည့် V Series ၏ နောက်ဆုံးမျိုးဆက် V17Pro စမတ်ဖုန်းသစ် မြန်မာနိုင်ငံ ဈေးကွက်အတွင်း မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် ရန်ကုန်မြို့ Wyndham Grand Hotel ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါစမတ်ဖုန်းကို မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှစတင်ကာ မြန်မာကျပ်ငွေ ၆၂၉၈၀၀ ကျပ်ဖြင့်စတင်ရောင်းချသွားမည်ဖြစ်ပြီး မိတ်ဆက်ပွဲအခမ်းအနားသို့ Vivo ၏ Brand Ambassador များဖြစ်ကြသည့် နေခြည်ဦးနှင့် ဝိုင်းစုခိုင်သိန်းနှင့် အခြားအနုပညာရှင်များ ဖြစ်ကြသည့် နန်းစန္ဒာလှထွန်း၊ မေလသံစဉ်၊ Alice Ong၊ အုပ်စိုးခန့်တို့မှ တက်ရောက်ချီးမြှင့်ခဲ့ပြီး နာမည်ကျော်အဆိုတော်များဖြစ်သည့် ဟန်နေတာ (Eternal Gosh) နှင့် ဖြူဖြူကျော် သိန်းတို့က သီဆိုဖျော်ဖြေခဲ့ကြသည်။

Photo Source By Myanmar Tech Press

“ကျွန်တော်တို့ရဲ့ သုံးစွဲသူ ပရိသတ်တွေအတွက် ကမ္ဘာ့ပထမဆုံးသော 48M Dual Pop-Up Selfie Camera ပါဝင်လာတဲ့ Vivo V17 Pro ကို မြန်မာနိုင်ငံမှာ အခုလို အောင်မြင်စွာ မိတ်ဆက်နိုင်ခဲ့တဲ့အတွက် အထူးကို ဝမ်းသာဂုဏ်ယူမိပါတယ်။ Clear As Real ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပြတ်သားကြည်လင်တဲ့ ဓာတ်ပုံများကို ပေးစွမ်းနိုင်ပြီး ကိုယ်ထည်ကိုလည်း ဖန်သားနဲ့ 3D ဒီဇိုင်း ဖြစ်အောင် အနုစိတ် ပုံဖော်ဖန်တီးထားတဲ့အတွက် Vivo ချစ်သူများကို ကမ္ဘာ့အဆင့်မီ မိုဘိုင်းလ်ဖုန်း သုံးစွဲမှု အတွေ့အကြုံတွေဆီ ခေါ်ဆောင်သွားနိုင်ခဲ့တဲ့ V17 Pro ဟာ Vivo ရဲ့ဂုဏ်ယူစရာ အကောင်းဆုံး လက်ရာတစ်ခုလို့ ဆိုနိုင်ပါတယ်။ Vivo အနေနဲ့ ခေတ်ရေစီးကြောင်းနဲ့ လိုက်လျောညီထွေမှုရှိတဲ့ စမတ်ဖုန်းများကို ထုတ်လုပ်လျက် ရှိနေပြီး နောက်ဆုံးပေါ် ပြောင်းလဲမှုနဲ့အတူ သုံးစွဲသူများအတွက် တမူထူးခြားတဲ့ စမတ်ဖုန်း သုံးစွဲခြင်းဆိုင်ရာ အတွေ့အကြုံတွေကို ပေးအပ်နိုင်ဖို့ အမြဲကြိုးစားနေပါတယ်” ဟု Vivo Myanmar ၏ Product Manager ဖြစ်သူ Mr. Kelvin မှပြောကြားသည်။

Photo Source By Myanmar Tech Press

Vivo ၏ အသစ်ထွက်ရှိလာသော V17 Pro စမတ်ဖုန်းသစ်သည် မြန်မာနိုင်ငံတွင် တရားဝင်မိတ်ဆက်ခြင်းမပြုလုပ်ခင် ကပင်လူအများကြားတွင် ရေပန်းစားနေခဲ့ပြီး စိတ်ဝင်စားနေသည့်စမတ်ဖုန်းတစ်ခုလည်းဖြစ်ပြီး Vivo V17 Pro စမတ်ဖုန်း သစ်သည် ကမ္ဘာ့ပထမဆုံးသော (အသွင်း၊ အထုတ် ပြုလုပ်နိုင်သည့်) 32MP Dual Pop-Up Selfie ရှေ့ကင်မရာ ၂ လုံး၊ ကျောဖက် ကင်မရာ (၄) လုံးပါ AI သုံး Quad Camera စနစ် စသည့် ထူးခြားချက်များဖြင့် ထိပ်တန်းအဆင့်မြင့် စမတ်ဖုန်းတစ်ခုလည်းဖြစ်သည်။
Vivo V17 Pro စမတ်ဖုန်းသစ်၏ အဆင့်မြင့် 6.44 လက်မအရွယ် Full HD+ Super AMOLED Ultra FullviewTM မျက်နှာပြင်သည် 1080×2400 px ပုံထွက်နှုန်းရှိပြီး ဖုန်းကိုယ်ထည်နှင့် မျက်နှာပြင်အချိုးအစားမှာ ၉၁.၆၅ ရာခိုင်နှုန်း ရှိသဖြင့် အရောင်ကာလာသေသပ်လှပသောဖုန်းလည်းဖြစ်သည်။ ဖုန်း၏ ရှေ့ဖက် မျက်နှာပြင်သည် အဆင့်မြင့် Schott Xensation UP အကာအကွယ်နည်းပညာ အသုံးပြုဖန်တီးထားပြီး နောက်ဖက်မျက်နှာပြင်သည် 3D Curved Corning Gorilla Glass 6 ဖန်သားကို အသုံးပြုဖုံးအုပ်ထားသဖြင့် မတော်တဆ ထိခိုက်ပွန်းပဲ့မှုဒဏ်ကို အထူးခံနိုင်စွမ်းရှိမည်လည်းဖြစ်သည်။
Vivo V17 Pro ၏ ထူးခြားချက်ဖြစ်သည့် ကမ္ဘာ့ပထမဆုံးသော (အသွင်း၊ အထုတ် ပြုလုပ်နိုင်သည့်) Dual Pop-Up Selfie Camera စနစ်တွင် 32MP ပုံထွက်နှုန်းရှိသည့် ပင်မကင်မရာနှင့် 8MP ပုံထွက်နှုန်းရှိသည့် Ultrawide Angle မြင်ကွင်းကျယ် ကင်မရာ ၂ လုံး တပ်ဆင်ပေးထားသည်။ နောက်ကျောဖက်၌ ကင်မရာ ၄ လုံးကို ဒေါင်လိုက်တပ်ဆင်ထားသည့် AI သုံး Quad Camera စနစ်ကို တွေ့မြင်ရမှာဖြစ်ပြီး 48MP ပုံထွက်နှုန်းရှိ Sony IMX582 ပင်မကင်မရာ၊ 2x Optical Zoom နှင့် 10x Digital Zoom ပါရှိသည့် 13MP Telephoto ကင်မရာ၊ 8MP Ultra-Wide Angle မြင်ကွင်းကျယ် ကင်မရာနှင့် 2MP Depth Sensor ကင်မရာတို့ ထည့်သွင်း တပ်ဆင်ပေးထားသည်။

Photo Source By Myanmar Tech Press

V 17 Pro တွင် ကင်မရာစုစု ပေါင်း ၆ လုံးပါဝင်လာပြီး Night Mode ကို အရှေ့ ကင်မရာနှင့်ကျောဖက် ကင်မရာတို့တွင် ထည့်သွင်းပေးထားသည့်အတွက် ရုပ်ထွက်ကြည်လင်ပြတ်သားသည့် ပုံရိပ်များကို ရိုက်ကူးနိုင်ရုံမက ညအချိန်တွင်လည်း အလင်းရောင်ကောင်းမွန် ပြတ်သားသည့် ပုံရိပ်များကိုရိုက်ကူးနိုင်မည်လည်းဖြစ်သည်။ ကင်မရာလုပ်ဆောင်ချက်အတွင်း Pose Master ဟုခေါ်သည့် Pose များကို အကြံပေးသည့် feature ထည့်သွင်းပေးထားသည့်အတွက်ဓာတ်ပုံရိုက် ဝါသနာပါသည့် လူငယ်၊ လူကြီးများအတွက် ပိုမိုအဆင်ပြေနိုင်မည်လည်းဖြစ်သည်။
Vivo V17 Pro တွင် တုန့်ပြန်မှုနှုန်းနှင့် မှတ်ဉာဏ်စွမ်းမြင့်မားသည့် Vivo ၏ မူပိုင်နည်းပညာသုံး မျက်နှာပြင်အောက် လက်ဗွေစနစ် (In-Display Finger Print) တပ်ဆင်ပေးထားပြီးအတွင်းပိုင်းတွင် Qualcomm Snapdragon 675 AIE Processor နှင့် RAM 8GB တို့ တပ်ဆင်ပေးထားတာကြောင့် စွမ်းဆောင်ရည်ပိုင်းမှာအထူးကောင်းမွန်ပြီး 128 GB ထည့်သွင်းပေးထားသည်။ အချောမွေ့ဆုံး ဂိမ်းကစားမှု အတွေ့အကြုံများကို ရရှိစေမည့် Ultra Game Mode နှင့် Multi-Turbo များထည့်သွင်းထားပြီး Operation System ကို Android Pie အခြေခံ Funtouch OS 9.1 ကို ထည့်သွင်းပေးထား သည်။ V17 Pro တွင် အသစ်ထပ်မံပါဝင်လာသည့် လုပ်ဆောင်ချက်ကတော့ PUBG ဂိမ်းကစားရာတွင် အသင်းဖော်များနှင့် ဆက်သွယ်ပြောဆိုသည့် ဇာတ်ကောင်စကားသံ (Voice Changer) အမျိုးမျိုးကိုလည်း ရွေးချယ်နိုင်မည်လည်းဖြစ်သည်။

Photo Source By Myanmar Tech Press

ဘက်ထရီစနစ်အားဖြင့် 4100mAh အားရှိပြီး Vivo ရဲ့ မူပိုင်နည်းပညာသုံး အမြန်အားသွင်းစနစ် (18W Dual Engine Fast Charging) နှင့် USB Type C ပါဝင်လာမည်ဖြစ်သည်။ အရောင်အားဖြင့် Crystal Black (အနက်ရောင်) နှင့် Crystal Sky (အဖြူနှင့်အပြာ အရောင်ပြေး) အရောင် နှစ်မျိုးဖြင့်ထုတ်လုပ်ထားသည်။ Pre-Order များကိုလည်း စက်တင်ဘာလ ၂၉ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့ အထိ ပြုလုပ်နိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။