မြန်မာနိုင်ငံ၏ လုပ်ငန်းများအပေါ် အလားအလာကောင်းများ သက်ရောက်လာမည့် ICT အကြောင်း ဆွေးနွေးပွဲကို Huawei Myanmar မှ ကျင်းပ

ICT Enhances Sustainable Outlook for New Digital Era in Myanmar (မြန်မာ့ဒီဂျစ်တယ်ခေတ်သစ်အတွက် ရေရှည်တည်တံ့သော အလားအလာကောင်းများ ဖော်ဆောင်ပေးမည့် ICT ၏ အခန်းကဏ္ဍ) ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို Huawei Myanmar မှ ၎င်းတို့၏ မြန်မာရုံးချုပ်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဒီဂျစ်တယ်ခေတ်သစ်သို့ ပြောင်းလဲရာတွင် ICT နည်းပညာ၏ အရေးပါပုံ၊ မြန်မာနိုင်ငံရှိ စီးပွားရေးကဏ္ဍအပေါ် အကျိုးသက်‌ရောက်လာမည့် နည်းပညာသစ်များကို အများပြည်သူများ အနေဖြင့်ပိုမိုသိရှိစေရန် ရည်ရွယ်ကာ ကမ္ဘာလုံးဆိုင်ရာ အသုံးပြုနေသော ဒီဂျစ်တယ်နည်းပညာများ အကြောင်းကို ပညာရှင်များမှ ဆွေးနွေးပြောကြားပေးခဲ့သည်။
ဆွေးနွေးပွဲတွင် Myanmar Information and Technology Pte Ltd ၏ တည်ထောင်သူနှင့် CEO ဒေါက်တာဦးထွန်းသူရသက်၊ Onelink Technologies Co., Ltd ၏ CEO၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) ၏ ဒုဥက္ကဌ ဦးဝေဖြိုး၊ Strategy First Education Group Limited ၏ တည်ထောင်သူနှင့် ဥက္ကဌ ဦးအောင်ချစ်ခင်တို့မှ ဆွေးနွေးပေးသွားကာ Huawei Myanmar မှ PR Manager မမြနှင်းအိမ်မှ moderator အဖြစ်ဆောင်ရွက်ခဲ့သည်။

Photo Source https://www.facebook.com/Huawei-Myanmar-110462567401363/

အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှာ အဓိက အရေးပါလာသည့် နည်းပညာများ၏ တိုးတက်မှုနှင့် ICT ကဏ္ဍအကြောင်းကို အဓိကဆွေးနွေးပေးသွားခဲ့ပါသည်။ ICT ကဏ္ဍထွန်းကားမှုမှာ အနည်းငယ်နောက်ကျခဲ့သော်လည်း တိုးတက်မှုနှုန်းမြန် ဆန်မှုကို အံ့အားသင့်ဖွယ်တွေ့မြင်နေရသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်ကပင် မြန်မာနိုင်ငံသည် မိုဘိုင်းဆက် သွယ်ရေးစနစ် မြန်မြန်ဆန်ဆန်တိုးတက်ခဲ့သည့် ကမ္ဘာ့နိုင်ငံများတွင် တစ်နိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ၂၀၁၈-၂၀၂၅ မြန်မာဒီဂျစ်တယ်စီးပွားရေးရည်မှန်းချက်များအတိုင်း မြန်မာနိုင်ငံ၏ အစိုးရဌာနများ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု အစရှိသည့် ကဏ္ဍများတွင် နည်းပညာများကို ပိုမိုတွင်ကျယ်စွာအသုံးပြုနိုင်ရန် ရည်မှန်းထားခြင်းဖြစ်သည်။ ထိုရည်မှန်းချက်ထဲတွင် လုပ်ဆောင်မည့်အချက် (၁၄) ခု ပါဝင်ပြီး စီးပွားရေးကဏ္ဍတွင် အွန်လိုင်းငွေကြေးဝန်ဆောင်မှုများ သုံးစွဲခြင်းသည် ၂၀၁၉ ခုနှစ်တွင် ဝ.၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်း အထိတိုးတက်စေရန်နှင့် ဒီဂျစ်တယ်ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (၆) ဘီလီယံမှ (၁၂) ဘီလီယံထိ တိုးတက်စေရန်ဆိုသည့်အချက်များလည်း ပါဝင်ခဲ့သည်။
ဆွေးနွေးပွဲကို Huawei Myanmar ၏တရားဝင် Facebook page တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး အဓိကအားဖြင့် လွန်ခဲ့သော လအနည်းငယ်က တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံများ၊ လက်ရှိကာလနှင့် အနာဂတ်တွင် စီးပွားရေးလုပ်ငန်းများ ပြန်လည် ကောင်းမွန်လာစေရန် ICT နည်းပညာများ၏ပံ့ပိုးကူညီနိုင်မှု၊ နောက်ဆုံးအနေဖြင့် ဖြစ်ပေါ်လာမည့် ဒီဂျစ်တယ်ခေတ် သစ်အတွက် မြန်မာနိုင်ငံအနေနှင့် ကြိုတင်ပြင်ဆင် ထားသည်များကို ဆွေးနွေးပေးသွားခဲ့သည်။
“ကျွန်တော်တို့က အခုအချိန်မှာ မွေးကာစကလေးလိုပဲပေါ့အခုမှ စတာပါ။ အဲ့ဒါကြောင့် ကျွန်တော့က Quantum Leap လို့ခေါ်တဲ့ အဆင့်ကျော်ပြီး အမီလိုက်ဖို့ လိုတာပေါ့။ Desktop computer တွေအသုံးပြုတဲ့ခေတ်မှာလည်း လူနည်းစုလောက်ပဲ ကွန်ပျူတာကို သုံးနိုင်ခဲ့တယ်။ လူအများစုက မသုံးနိုင်ခဲ့ဘဲ အခု မိုဘိုင်းဖုန်းတွေ၊ tablet တွေ အသုံးပြုတဲ့ ခေတ်မှပဲ လူတော်တော်များများက အသုံးပြုလာနိုင်ကြတယ်။ အဲ့တော့ ရှေ့လျှောက်မှာလည်း AR နည်းပညာတွေ sensors အသုံးပြုတာတွေ ပေါ်လာရင်လည်း မိုဘိုင်းဖုန်းတောင်လိုတော့မှာ မဟုတ်ဘူးပေါ့နော်။ Leap frogging လုပ်ဖို့က နိုင်ငံရဲ့ vision ထဲမှာထည့်ထားသင့်တယ်။ အဲ့လို ခုန်ကျော်ပြီး အသုံးမပြုဘူးဆိုရင်လည်း ကျွန်တော်တော့က ကျော်ဖို့နေနေသာသာ မီတောင်မီမှာမဟုတ်ဘူး” ဒေါက်တာဦးထွန်းသူရသက်မှ ပြောကြားသည်။

Photo Source https://www.facebook.com/Huawei-Myanmar-110462567401363/

“Digital Transformation အတွက် အစိုးရဌာနတွေရယ်၊ စီးပွားရေးလုပ်ငန်းတွေရယ်၊ စားသုံးသူတွေရယ် အားလုံးပါဝင်သင့်ပါတယ်။ အစိုးရ ဌာနဘက်ကလည်း နယ်တွေမှာပါ တွင်တွင်ကျယ်ကျယ် နည်းပညာတွေသုံးစေချင်ရင် ဒေတာအသုံးပြုခတွေကို သင့်တင့်သောဈေးနဲ့ သတ်မှတ်ပေးဖို့ လိုပါတယ်၊ နောက်စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း digital transformation ကိုမကြောက်ဖို့၊ နည်းပညာဆိုဈေးကြီးတယ်၊ ခက်ခဲတယ်လို့ထင်မနေဘဲ ဘာကိုပြောင်းမလဲ၊ ဘယ်လိုပြောင်းမလဲ မလုပ်လို့ကို မရတော့ဘူးဆိုတာမျိုးစဉ်းစားလုပ်ဆောင်သင့်ပါတယ်။ စားသုံးသူ user တွေအနေနဲ့လည်း ကိုယ့်ရဲ့ Digital Literacy ကို တိုးတက်အောင်လုပ်ဖို့ အသုံးပြုနိုင်အောင်လေ့လာဖို့ လိုအပ်ပါတယ်” ဟု ဦးဝေဖြိုးမှ ပြောကြား သည်။
“ပုဂ္ဂလိက ကဏ္ဍကို ပိုပြီးတိုးတက်အောင်လုပ်ဖို့ လုပ်ပိုင်ခွင့်တွေပိုပေးဖို့ လိုအပ်တယ်လို့ထင်ပါတယ်။ ဉပမာ- ဆက်သွယ်ရေးလုပ်ငန်းတွေမှာ လက်လွတ်ပေးလိုက်လို့ အများကြီးတိုးတက်လာတယ်။ အစိုးရအနေနဲ့ ဒီဂျစ်တယ်အခြေခံအဆောက်အဦတွေမှာ ဘယ်လောက် ရင်းနှီးမြှုပ်နှံမလဲ ပုဂ္ဂလိက ကဏ္ဍဘက်ကလည်း ဘယ်လောက်ထိ အဲ့ပေါ်မှာ လျှောက်လှမ်း နိုင်မလဲ။ အဲ့ဒါကိုလုပ်ပေးနိုင်ရင်တော့ တိုးတက်မှုကလည်း ခုန်တက်သွားနိုင်ပါတယ်။ ICT နဲ့ ဆိုင်တဲ့ vocational training မှာ ဘယ်လောက် ရင်းနှီးမြှုပ်နှံမလဲ နိုင်ငံခြားက အရည်အချင်းရှိတဲ့ မြန်မာတွေ ပြန်လာရင် သူတို့မှာ skills တွေကပါလာတယ်။ နည်းပညာတွေ အသုံးပြုနိုင်တယ်။ အဲ့လို လူတွေကို ဘယ်လိုအသုံးချမလဲဆိုတာလည်း အရေးကြီးပါတယ်”ဟု ဆရာ ဦးအောင်ချစ်ခင်မှ ပြောကြားသည်။
“အခုလိုမျိုး ကျွမ်းကျင်တဲ့ပညာရှင်တွေကဦးဆောင်ပြီး နည်းပညာရဲ့ အခန်းကဏ္ဍတွေကို အများပြည်သူသိရှိစေရန် ဆွေးနွေးပွဲကို စီစဉ်ပေးနိုင်တဲ့အတွက် အရမ်းကို ဝမ်းသာမိပါတယ်။ ဒီဂျစ်တယ်စနစ်တွေဆီ ပြောင်းလဲနေတဲ့ အချိန်မှာ အခုလိုမျိုး ကဏ္ဍအလိုက် ပညာရှင်တွေက သူတို့ရဲ့အတွေ့အကြုံတွေ၊ အကြံပေးချက်တွေကို မျှဝေပေးသွားတဲ့အတွက် ကမ္ဘာလုံးဆိုင်ရာ နည်းပညာတွေကို မြန်မာနိုင်ငံမှာလည်း အသုံးပြုလာနိုင်ပြီး အသိအမြင်ဗဟုသုတများရရှိသွားမယ်လို့ မျှော်လင့်ပါတယ်။”ဟုပြောကြားခဲ့ပါသည်။ တဆက်တည်းမှာပင် “ICT ကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် Huawei Myanmar မှ အလျဉ်းသင့်သလို ထိရောက်တဲ့ ပံ့ပိုးမှုတွေနဲ့ ကူညီပေးသွားမှာပါ” ဟု Huawei Myanmar ၏ CEO ဖြစ်သူ Mr. Ding Zhaoyi မှ ပြောကြားသည်။
စိတ်ဝင်စားသူများ အနေဖြင့် Huawei Myanmar Official Facebook page တွင် ဆွေးနွေးပွဲဗီဒီယိုဖိုင်ကို သွားရောက်ကြည့်ရှနိုင်သည်။
ယခု အွန်လိုင်းပွဲသည် COVID-19 ကာလအတွင်း ဒုတိယမြောက်ပွဲဖြစ်ပြီး လွန်ခဲ့သော (၂) လခန့်ကလည်း Huawei Myanmar ICT Congress ကို အွန်းလိုင်းမှ ကျင်းပပြုလုပ်ခဲ့သည်။