ကိုယ့်အားလပ်တဲ့အချိန်လေးတွေမှာ စာဖတ်ဖို့တွန်းအားတစ်ခုဖြစ်လာစေမယ့် ShweNote Application

ShweNote Application ဆိုတာကတော့ စာဖတ်ဝါသနာပါတဲ့သူတိုင်း၊ စာဖတ်ချင်ပေမယ့် အချိန်မရှိလို့ စာမဖတ် ဖြစ်တဲ့သူတိုင်း မရှိမဖြစ်ဆောင်ထားသင့်တဲ့ Book Summary Application တစ်ခုလို့ပြောရင် မမှားနိုင်ပါဘူး။ ဒီနေ့ခေတ်လို နည်းပညာတွေ တိုးတက်လာတဲ့အချိန်မျိုးမှာ စာအုပ်တွေကလည်း အရင်လို Printing ပြုလုပ်ထားတဲ့ စာအုပ်တွေကို ဖတ်မလား၊ Phone တွေ Tablet တွေထဲကနေပဲ eBook တွေဖတ်မလား၊ အလုပ်လုပ်ရင်း ကားမောင်းရင်း၊ အနားယူရင်းနဲ့ Audio Book တွေကိုပဲဖတ်မလားဆိုပြီး ရွေးချယ်စရာတွေ အမျိုးမျိုးရှိနေပါပြီ။ ShweNote Application ဟာလည်း နိုင်ငံတကာစာအုပ်ပေါင်းများစွာကို မြန်မာဘာသာနဲ့ အချိန်တိုအတွင်း ဖတ်ရှု နားဆင်နိုင်မယ့် App တစ်ခု ဖြစ်ပါတယ်။ မိနစ် (၃၀) ဝန်းကျင်စာ အနှစ်ချုပ်တွေကို စာဖတ်လို့ရသလို အသံနားထောင်လို့လည်း ရဦးမှာ ဖြစ်ပါတယ်။

ShweNote Application အကြောင်းကို ပိုမိုသိရှိစေဖို့အတွက် Myanmar Tech Press Team အနေနဲ့ ShweNote Application ကို တာဝန်ယူဆောင်ရွက်နေတဲ့ မဖြိုးဖြိုးအောင်နဲ့ အင်တာဗျူးထားတဲ့ အင်တာဗျူးဆောင်းပါးကို ရေးသား ဖော်ပြပေးလိုက်ပါတယ်။

Image: ShweNote

ShweNote Application ကို ဘယ်အချိန်တုန်းက စလုပ်ဖြစ်ခဲ့တာလဲ။ စလုပ်ဖြစ်ခဲ့တဲ့ စိတ်ကူးလေးကိုလည်း ပြောပြပေးပါ။

တစ်ကယ်ကတော့ ShweNote Application ကိုဝယ်လိုက်တာပါ။ ဝယ်ဖြစ်တဲ့အကြောင်းကလည်း လွန်ခဲ့တဲ့ ၈ နှစ် Austria မှာနေတုန်းက သူငယ်ချင်းတစ်ယောက်က ဒီလို Book Summary App လေးတစ်ခုကို လာပြဖူးတယ်ပေါ့။ စာအုပ်တွေကို အနှစ်ချုပ်ထားပေးတာဆိုတော့ သုံးကြည့်ရင်းနဲ့ ဒါလေးကကောင်းလိုက်တာ ဖတ်ရတာလည်း မြန်တယ်။ ဒီလို App မျိုး မြန်မာပြည်မှာမရှိသေးဘူး ငါသာပြန်ရောက်ရင် ဒီလို App ကို ဖန်တီးမယ်ဆိုတဲ့ အိပ်မက်လေးတစ်ခု ရှိခဲ့တယ်။

အဲ့ဒီလိုနဲ့ ၈ နှစ်လောက်ကြာသွားတယ် စပြီးစိတ်ကူးတုန်းကတော့ Book Summary App ပေါ့။ တစ်ကယ်တမ်း လုပ်ဖြစ်တဲ့ အချိန်ကျတော့ တစ်ခြားသူတစ်ယောက်ကလုပ်ပြီးသားကြီး ဖြစ်နေပြီ။ အဲ့ဒီမှာ ၂ ပတ်လောက်ထိ စိတ်ဓာတ်ကျသွားသေးတယ်။ တစ်နေ့စိတ်ညစ်ညစ်နဲ့ အိပ်ယာနိုးလာတော့ ဒီ App ကိုငါဝယ်လိုက်ရင် ရတာပဲ ငါဝယ်လိုက်ရင် လူတွေလည်း ပိုတောင်သိလာ သုံးလာကြဦးမယ်ဆိုတဲ့ ယုံကြည်ချက်မျိုးနဲ့ ဝယ်ဖို့စီစဉ်ဖြစ်တယ်။ ဒီကာလကလဲ ၈ လကြာသွားတာပေါ့။ အခုတော့ ShweNote ကိုစခဲ့တဲ့ Founder ကလည်း ဒီမှာပဲ လိုအပ်တဲ့ အပိုင်းတွေမှာ ကျွန်တော်နဲ့အတူ ဆောင်ရွက်နေပါတယ်။

အခုလက်ရှိ ShweNote ကို ဘယ်လို ရည်ရွယ်ချက်မျိုးနဲ့ Run နေလဲပြောပြပေးပါ။

ShweNote ကိုအခုလုပ်နေတဲ့ပုံစံကတော့ လူကောင်းဖော်ဆောင်ရေး၊ လူတော်ဖြစ်အောင် ဖော်ဆောင်ရေးပေါ့ ပြောရရင် တွန်းအားပေးရတဲ့ အလုပ်တစ်ခုပါ။ ခက်ခဲပေမယ့် ဒီနိုင်ငံကလူတွေ စာပိုဖတ်ဖြစ်အောင် ကိုယ့်ကိုကိုယ် ကျေနပ်အားရတဲ့ ဘဝတစ်ခုဖြစ်အောင် ဖန်တီးစေချင်တယ်။ အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံကလူတွေ စာဖတ်ရမယ်၊ စာဖတ်ဖို့ အတွက်လည်း ခက်ခဲနေလို့မရဘူးဆိုတာ လက်ခံတယ် ဒါကြောင့် စာဖတ်ရ လွယ်ကူအောင် ရည်ရွယ်ချက်အပြည့်နဲ့ အကောင်အထည်ဖော် လုပ်ဆောင်ပေးနေတာပါ။

ShweNote မှာ ဘယ်လို ဝန်ဆောင်မှုမျိုးတွေပေးနေလဲ။

စာအုပ်ဖတ်တဲ့ App တစ်ခုဆိုပေမယ့် နိုင်ငံတကာစာအုပ်တွေကို အနှစ်ချုပ်လုပ်ထားပေးတဲ့ စာအုပ် App တစ်ခုပေါ့။ အနှစ်ချုပ် မှာမှ စာဖတ်လို့ ရတာရယ်၊ အသံနားထောင်လို့ရတာရယ်ဆိုပြီး နှစ်မျိုးရှိတယ်။ အဓိကကတော့ လူတွေက အသံကိုပိုပြီး နားထောင်ကြတာပေါ့နော်။ စာအုပ်တွေကိုလည်း Best Seller, Management, Marketing, Biography, History ကဏ္ဍ ပေါင်းစုံကို ဒီမှာထည့်ထားပေးတော့ စာအုပ်တွေလည်း မျိုးစုံဖတ်လို့ရပါတယ်။

Subscription နဲ့ပက်သက်ပြီး ပြောပြပေးပါဦး။

Subscription မှာကျတော့ အပိုင်း (၃) ပိုင်းရှိပါတယ်။ အဓိကရည်ရွယ်ထားတာကတော့ အချိန် (၆) လနဲ့ (၁၂) လပေါ့နော်။ ဒါပေမယ့် (၁) လ Subscription ကိုလည်း Option တစ်ခုအနေနဲ့ထည့်ထားပေးပါတယ်။ (၁) လစာကိုဝယ်ချင်တယ်ဆိုရင်တော့ လတိုင်းလတိုင်းရဲ့ ပထမဦးဆုံး (၅) ရက်မှာပဲ ဝယ်ခွင့်ပေးထားပါတယ်။ ဒါကလည်း စာဖတ်တဲ့သူတွေကို စာပိုဖတ်စေချင်လို့ သေသေချာချာ Strategy ချထားတာပါ။ User တွေက (၁) လစာဝယ်ချင်တယ်ဆိုပြီး တောင်းဆိုကြတယ်။ ဒါပေမယ့် မလိုက်လျောပေးဘူး ဒါက ရုပ်ရှင်ကြည့်တဲ့ App တစ်ခုမဟုတ်တဲ့အတွက် ရုပ်ရှင်ဆိုရင် တစ်လကုန်တာနဲ့ တစ်လပြန်ဝယ်ကြ ဖြည့်ကြမှာလေ။ စာဖတ်တဲ့ App ကျတော့ သတိတရနဲ့ ဖြည့်ကြမှာမဟုတ်ဘူး။ ကုန်သွားရင် ထားလိုက် နောက်နေ့မှ ဝယ်ဖတ်မယ်ဆိုပြီး ဖတ်ဖြစ်ကြမှာ မဟုတ်ဘူး။ ဒါကြောင့် (၁) လ Subscription ကိုဝယ်ချင်ရင် အမြဲတမ်းတော့မရဘူး လတိုင်းရဲ့ ပထမဆုံး (၅) ရက်မှာပဲ ဝယ်ခွင့်ပေးထားပါတယ်။

(၆) လ ကျတော့ User တွေကိုပိုပြီး ဝယ်စေချင်တယ်ဆိုတာက ကိုယ်တိုင်လည်း ၆ လ၊ ၁ နှစ်စာဝယ်ပြီး မသုံးဖြစ်ရင် ကိုယ့်ကိုကိုယ် အရမ်းဒေါ သထွက်တယ်။ အထူးသဖြင့် Subscription ဟာတွေပေါ့ ငါဘာမှမလုပ်ရသေးဘူးဆိုပြီး လက်ကျန် အချိန်တွေကို အသားကုန်သုံးပစ်လိုက်တယ်။ ဒီလိုဖြစ်စေချင်တာပေါ့။ ကျန်တဲ့အချိန်တွေကိုလည်း စာအုပ်တွေကုန်သွားအောင် ဖတ်ပစ်လိုက်။ ဒီလိုဆို ကျွန်တော်တို့ဘက်က ပိုတောင် ဝမ်းသာသေးတယ်။

အဓိကက ကျွန်တော်တို့ဆီမှာ ဝယ်တဲ့ငွေထက် ဒီဟာတွေကိုဖတ်ပြီး လုံးဝပြောင်းလဲသွားတယ်ဆိုတဲ့ ရလာဒ်ကို ပိုပြီးလိုချင်တာပါ။

Image: ShweNote

Subscription တွေအတွက် Payment ကိုဘယ်လိုမျိုးလက်ခံလဲ။

Android တွေအတွက်ကိုတော့ မြန်မာပြည်မှုအသုံးပြုလို့ရတဲ့ Payment တွေအားလုံး အသုံးပြုလို့ရပါတယ်။ ဒါပေမယ့် iOS တွေအတွက်ကိုတော့ In App Purchase နဲ့ Redeem Code ကိုပဲ အသုံးပြုလို့ရမှာပါ။ Redeem Code ကိုတော့ ShweNote Facebook Messenger မှာလာဝယ်ပြီး App ထဲမှာ သွားဖြည့်ပြီး Subscription ဝယ်ရမှာပေါ့။

ShweNote မှာ လက်ရှိအချိန်ထိ Upload လုပ်ထားတဲ့ စာအုပ်အရေအတွက်ဘယ်လောက်ရှိပြီလဲ။

အခုလောလောဆယ်ထိ upload လုပ်ထားတာ စာအုပ်ရေ ၄၅၀ ကျော်ပါပြီ။ Category လည်းစုံတယ်ဆိုတာက လူတစ်ယောက်က ကိုယ်ဝါသနာမပါတဲ့ သမိုင်းစာအုပ်ကို အချိန်အကြာကြီးပေးပြီး ထိုင်မဖတ်နိုင်ဘူး။ ဒါပေမယ့် နာရီဝက် ၄၅ မိနစ်စာအနှစ်ချုပ်ဆိုရင်တော့ ဝါသနာမပါဘူးထင်ပေမယ့် ဖတ်ကြည့်ရင် ကိုယ့်အတွက် တစ်ခုခုရမှာပဲ။ General Knowledge ဆိုတာ ဘယ်အရာကိုမဆို လေ့လာသင့်တဲ့အတွက် ကျွန်တော်တို့တွေက ကဏ္ဍပေါင်းစုံလည်းထည့်ထားတာပေါ့နော်။

App ထဲမှာတွေ့ရတဲ့ Collection နဲ့ Challenge ကဏ္ဍအကြောင်းရှင်းပြပေးပါဦး။

တော်တော်များများက Collection နဲ့ Challenge ကိုရောနေကြတယ်ပေါ့နော်။ Challenge ဆိုတာကကျတော့ လူတိုင်း  စိန်ခေါ်မှုတစ်ခု လုပ်ရင် ပိုသဘောကျကြတယ်။ စာဖတ်တဲ့အတွက် Reward ပြန်ပေးပြီး စာဖတ် စေချင်တာပေါ့။ ကျွန်တော်တို့အတွက် ကျရှုံးမှုဆိုတာက Subscription ဝယ်ထားပြီး စာမဖတ်ဖြစ်ဘူးဆိုတာ လုံးဝကျရှုံးတာပဲ။ ဒါကြောင့် Subscription လဲဝယ် စာအုပ်တွေလဲ အများကြီးဖတ်တယ်ဆိုတာမျိုး ဖြစ်စေချင်တဲ့ အတွက် Challenge တွေအများကြီး လုပ်သွားဦးမှာပါ။

Collection ကကျတော့ လူတွေက ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အားနည်းကြတယ်။ အထူးသဖြင့် ရွေးချယ်စရာ များတဲ့ အချိန်မျိုးဆိုရင် ဆုံးဖြတ်ချက်ချဖို့ အားနည်းကြတယ်။ စာအုပ်ဆိုင်သွားလို့ ဘာဝယ်ရမှန်းမသိရင် ဒီလ Self-Development နဲ့ပက်သက်ပြီး ဘယ်စာအုပ်  ရောင်းအားအကောင်းဆုံးလဲ ဒါဆိုသူက ဒီနှစ်အုပ်က ကောင်းတယ် ဆိုရင် ကိုယ့်အတွက် ရွေးချယ်ပေးလိုက်တာပဲ။  Collection ဆိုတာကလည်း ရွေးချယ်စရာမလိုဘူး ဖတ်တဲ့သူတွေအတွက် Marketing အတွက် (၁၀) အုပ်၊ မိဘတွေဖတ်သင့်တဲ့ စာအုပ် (၁၀) အုပ် ဒီလို လုပ်ပေးလိုက်တော့ သူတို့အတွက် ရွေးချယ်ရလွယ်၊ ဖတ်ရ အဆင်ပြေအောင်ဆိုပြီး ထည့်ထားပေးဖြစ်တာပါ။

ShweNote မှာ အသုံးပြုသူဘယ်လောက်ရှိပြီလဲ။

သုံးစွဲသူကတော့ သန်းနဲ့ချီနေပါပြီ။ Download လုပ်တဲ့သူ ၅ သိန်းရှိပါပြီ။ Data ပိုင်း နည်းပညာပိုင်းမှာ အားနည်းချက်လေးတွေ ရှိသေးတဲ့အတွက် Data တိတိကျကျမရှိပေမယ့် ပုံမှန်အသုံးပြုသူတွေ အမြဲ တိုးလာ ပါတယ်။ ရုပ်ရှင်ကြည့်တဲ့ App လို Entertainment သီးသန့်မဟုတ်တဲ့ စာဖတ်တဲ့ Application မှာ အသုံးပြုသူတွေ တိုးလာတာကလည်း ဝမ်းသာစရာပါပဲ။

စာဖတ်တာနဲ့ Audio နားထောင်တာမှာ ဘယ်တစ်ခုကို အသုံးပြုတဲ့သူပိုများလဲ။

ဒါကတော့ သေချာပေါက် Audio နားထောင်တာပါ။ ShweNote ကို အများစုဘာလို့ လာသုံးကြလဲဆိုတော့ အသံကြောင့်ပါပဲ။ Audio Book ကိုဖတ်ရတာသူတို့အတွက် လွယ်ကူတယ်၊ ပိုမှတ်မိတယ်ပေါ့။ တစ်ချို့ကျတော့လည်း ကားမောင်းရင်း၊ မိတ်ကပ် လိမ်းရင်း နားထောင်ကြတယ်။

Image: ShweNote

နောက်ပိုင်း ShweNote App ကိုဘယ်လိုမျိုးအဆင့်မြင့်တင်သွားလို့ရှိလဲပြောပြပေးပါဦး။

နောက်ပိုင်းအဆင့်မြင့်တင်သွားဖို့ကတော့ မြန်မာနိုင်ငံက Developer တွေလုပ်နိုင်စွမ်းရှိရင် ရှိသလောက်ကို လုပ်သွားမှာပါ။ လုပ်ချင်တာတွေ ကတော့ အများကြီးပေါ့ Netflix လို ရုပ်ရှင်ကြည့်တဲ့ App မဟုတ်တဲ့အတွက် စာဖတ်လို့မကောင်းတဲ့ဟာဆိုရင် လူတွေက မလုပ်ချင် မသုံးချင်ကြတော့ဘူး။ ဒါကြောင့် ကျွန်တော်တို့က ဒီထက်ပိုကောင်းလာအောင် လုပ်ဖို့တာဝန်ရှိတယ်။ အသံဆိုရင် Smooth ဖြစ်ရမယ်ပေါ့နော်။

နောက်ပြီး ထပ်ထည့်ချင်တာကတော့ စာဖတ်ပြီးရင် Highlight လုပ်တာတွေ၊ Note မှတ်တာတွေ လုပ်လို့ရအောင် လုပ်သွားဖို့  ရှိပါတယ်။ ကိုယ်တိုင်က စာသင်ရတဲ့သူ၊ ကျွန်တော့်ကို သူများကို Sharing လုပ်ရတာသဘောကျတဲ့သူအတွက်ဆိုရင် ဒီလို မှတ်ထားစရာနေရာတစ်ခုရှိပြီး သားဖြစ်သွားတာပေါ့။ ဒီရက်ပိုင်းမှာ ဒါတွေကို Upgrade ပြုလုပ်သွားပါမယ်။

လူငယ်ဖြစ်တဲ့အတွက် Gamification တွေကိုလည်း စိတ်ဝင်စားတယ်ပေါ့နော်။ စာဖတ်တာကို Reward System နဲ့ စာဖတ် အများဆုံးသူကို လက်ဆောင်ဘယ်လိုပြန်ပေးမယ်ဆိုတာမျိုး ပိုက်ဆံမဟုတ်ဘဲ တစ်ကယ် စာဖတ်တဲ့သူ ဆိုရင် နိုင်ငံခြား စကော်လာပေးတာမျိုးလို ကြီးကြီး မားမားတွေအထိ လုပ်သွားဖို့ရှိပါတယ်။ ဒါကတော့ နောက်ပိုင်း လုပ်ဖို့အတွက် စဉ်းစားထားတာလေးတွေပေါ့နော်။

User တွေအတွက် မဖြိုးရဲ့အမှာစကားလေးပြောပေးပါဦး။

ဒါကကိုယ့်ရဲ့ Product တစ်ခုပါပဲ။ ဒါပေမယ့် ကိုယ်တိုင်သုံးရင်းနဲ့ ဘာသတိထားမိလဲဆိုတော့ ပုံမှန်ဆိုရင် ကိုယ်တိုင်က သမိုင်း၊ သိပ္ပံစာအုပ်တွေဆို ဖတ်ဖို့မပြောနဲ့ ကိုယ်နဲ့မဆိုင်သလိုကိုနေတာပေါ့နော်။ ဒါပေမယ့် ShweNote ရဲ့ အားသာချက်က ဒီမှာ သမိုင်းဆိုရင် ဖတ်ကြည့်လိုက် အရမ်းလွယ်တယ်။ အနှစ်ချုပ်လည်းဖြစ်တော့ နားမလည်တဲ့အသေးစိတ်တွေလည်း မဟုတ်ဘူး။ နားလည်လွယ်အောင်ရေးထားပေးတယ်။ အသံဆိုရင်လည်း  နားထောင်ပြီးရင် လိုက်တွေးဖို့လွယ်ကူတယ်။

ဒါကြောင့် ပြောချင်တာက ကိုယ်ဖတ်နေကျပုံစံမဟုတ်ဘဲနဲ့လည်း တခြားစာအုပ် အားလုံးကို လိုက်ဖတ်ကြည့်ပါ ဒါကတော့ ShweNote ရဲ့ အားသာချက်ပါ။ ဒါကကိုယ်တိုင်လည်း အခုမှသိတာပေါ့နော်။ အရင်က နိုင်ငံခြား Book Summary Application တွေကို သုံးပြီးဖတ်ပေမယ့် သူတို့ကလည်း အင်္ဂလိပ်လိုဆိုတော့ ကျွန်တော်ကလည်း ကျွန်တော်ဖတ်နေကျကိုပဲ နားလည်တာ။ တစ်ကယ့် သမိုင်းစာအုပ်ကိုဖတ်လိုက်ရင် English ကလည်းကိုယ့်ရဲ့ First Language မဟုတ်တော့ နားမလည်ဘူး။ နားမလည်တော့ မဖတ်ဖြစ်တော့ပြန်ဘူး။ ကိုယ်နားလည်တာကိုပဲ ကိုယ်ဆက်ဖတ်နေပြန်တယ်ပေါ့နော်။ ShweNote မှာကျတော့ မြန်မာစာ ဖြစ်တဲ့အတွက် တခြားစာအုပ်တွေကိုလည်း လိုက်ဖတ်ကြည့်ပါ။ ဒါက ကိုယ်တိုင်လည်း လုပ်နေတဲ့ အတွက်က လိုက်ပြီး ဖတ်ကြည့်စေချင်ပါတယ်။

ShweNote Application ကိုအသုံးပြုလိုသူတွေအတွက် Google Play Store နဲ့ App Store တို့ကနေ Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုတဲ့အချက်အလက်တွေကိုလည်း ShweNote Facebook Page နဲ့ https://www.shwenoteapp.com/ မှာ ဝင်ရောက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ စတင်အသုံးပြုသူတွေအတွက် Application အသုံးပြုပုံ ကိုလည်း Website မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။