မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) မှ အသွင်သစ်နှင့်ပြုလုပ်ထားသော MAB VISA CARD (၂)ခုကို မိတ်ဆက်

မြန်မာတို့၏ကြွယ်ဝလှသော အနုပညာအမွေအနှစ်သမိုင်းကြောင်းကို ဖော်ထုတ်ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် မြန်မာ့ရှေ့ ဆောင်ဘဏ် (MAB) မှ ၎င်း၏ အထင်ကရ ထုတ်ကုန်ဖြစ်သည့် MAB VISA Classic ကဒ် နှင့် MAB VISA Platinum ကဒ်တို့အား ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့တွင် ဒီဇိုင်းအသစ်ဖြင့် ပြန်လည်ထုတ်လုပ်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သိ ရသည်။
အဆိုပါကဒ်များသည် သုံးစွဲသူများအတွက် ယခင်ရှိရင်းစွဲလုံခြုံရေးစနစ်နှင့်သုံးစွဲရလွယ်ကူသည့် သွင်ပြင်လက္ခဏာများကို ထိန်းသိမ်းလျက် အခြားအကျိုးခံစားခွင့်များ ထပ်မံပေါင်းစပ်လျက် ပြုလုပ်ထားခြင်းဖြစ်ကြောင်းလည်းသိရသည်။
MAB VISA Classic ကဒ်၏ အသွင်သစ်သည် နာမည်ကျော် မြန်မာ့ခေတ်ပေါ်အနုပညာရှင်တစ်ဦးဖြစ်သည့် နေမျိုးဆေး၏ ဖန်တီးမှုလက်ရာဖြစ်ပြီး အရောင်မျိုးစုံကိုလှပသက်ဝင်အောင် ကျွမ်းကျင်ပိုင်နိုင်စွာဖန်တီးထားခြင်းလည်းဖြစ်သည်။ အဆိုပါ ကဒ်၏ အဓိကဆိုလိုရင်းဖြစ်သည့် “Live Your Life” ကို သရုပ်ဖော်နိုင်ရန် အရောင်နု၊ အရောင်ဖျော့လေးများကို ပေါင်းစပ်အသုံးပြုထားပြီး အစားအသောက်နှင့်ခရီးသွားလာခြင်းဆိုင်ရာကိစ္စရပ်များအပါအဝင် ပြီးပြည့်စုံသော လူနေမှုဘဝ အကျိုးခံစားခွင့်များကို တစ်စုတစ်စည်းတည်း ရယူအသုံးပြုနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ထားခြင်းဖြစ်ကြောင်းလည်းသိရသည်။

Photo Source – https://www.facebook.com/MABBankMyanmar/

“ကျွန်တော်တို့ရဲ့ကဒ်တွေကို ဒီဇိုင်းအသစ်နဲ့ ပြန်လည်ဆန်းသစ်ပေးတယ်ဆိုတာက မြန်မာနိုင်ငံအတွင်းက MAB ကဒ်သုံးစွဲ သူတွေအပေါ်ထားရှိတဲ့ ကျွန်တော်တို့ရင်ထဲက ကတိကဝတ်တွေထဲကတစ်ခုကို အကောင်အထည်ဖော်လိုက်တာပါ။ ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေကို အကောင်းဆုံး၊ လုံခြုံမှုအရှိဆုံး၊ ကမ္ဘာတစ်ဝှန်းက ဘယ်နေရာမှာမဆို ငွေပေးချေရာမှာ အလွယ်ကူအဆင်ပြေဆုံး ဖြစ်ရုံတင်မကဘဲ ဈေးကွက်ထဲမှာ အလှဆုံး၊ ကြည့်လို့အကောင်းဆုံးဖြစ်စေမယ့် ကဒ်မျိုးကိုပဲ ပေးချင်တာပါ” ဟု မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) ၏ Chief Banking Officer ဦးကျော်နီခင်ကပြောကြားသည်။
MAB VISA ကဒ်များကို ကမ္ဘာတစ်ဝှန်းရှိ ATM စက်များနှင့် POS စက်များတွင်သာမက အွန်လိုင်းငွေပေးချေမှုနှင့်အကြွေး စနစ်ဖြင့် ဝယ်ယူမှုများအတွက်လည်း အသုံးပြုနိုင်မည်လည်းဖြစ်သည်။
“မြန်မာရှေ့ဆောင်ဘဏ်ကနေ နိုင်ငံရဲ့ပထမဆုံး ဒေါင်လိုက်ဒီဇိုင်းနဲ့ အကြွေးဝယ်ကဒ်တွေကို ၂၀၁၈ ခုနှစ်မှာ မိတ်ဆက် မှုအပြီး အခုတစ်ခါ ဒီဇိုင်းပြန်လည်ဆန်းသစ်ထားတဲ့ Classic နဲ့ Platinum VISA ကဒ်တွေကို မိတ်ဆက်လာတဲ့အပေါ် VISA အနေနဲ့ဝမ်းမြောက်ပီတိ ဖြစ်ရပါတယ်။ VISA နဲ့ MAB တို့ မိတ်ဖက်ဆောင်ရွက်မှုဟာ မြန်မာနိုင်ငံအတွင်း ကဒ်အသုံး ပြုသူများအတွက် ပိုမိုအသုံးပြုရလွယ်ကူပြီး လုံခြုံစိတ်ချရတဲ့ အီလက်ထရောနစ် ငွေပေးချေမှုတွေကို ထောက်ပံ့ပေးနိုင်ဖို့ အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ဒါ့အပြင် MAB VISA ကဒ်အသုံးပြုသူတွေအနေနဲ့ VISA ရဲ့ premium platform ကနေတစ်ဆင့် နိုင်ငံတကာမှာရှိတဲ့ မိတ်ဖက်ပါတနာပေါင်း ၅၄ သန်းမှာ နိုင်ငံရပ်ခြား ခရီးသွားလာမှု၊ အစား အသောက်နဲ့ဈေးဝယ်မှု စတာတွေပါဝင်တဲ့အကျိုးခံစားခွင့်များစွာကိုလည်း ရယူခံစားနိုင်စေမှာဖြစ်ပါတယ်။ ဒီလိုဒီဇိုင်းဆန်း သစ်ထားတဲ့ကဒ်တွေက မြန်မာနိုင်ငံရဲ့ကြွယ်ဝလှတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို သတိတရရှိစေမယ့်အပြင် မြန်မာ ပြည်သူတွေနဲ့ မြန်မာ့စီးပွားရေးကို ဒီဂျစ်တယ်နည်းပညာနဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ ကမ္ဘာထဲပိုမို ရောက်ရှိအောင် ကူညီပေးနိုင်မယ်လို့မျှော်လင့်ပါတယ်” VISA Myanmar ၏ Country Manager ဖြစ်သူ Ms. Lillian Wang ကပြောကြားသည်။

Photo Source – https://www.facebook.com/MABBankMyanmar/

MAB VISA ကဒ်အသုံးပြုသူများအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ MAB နှင့်မိတ်ဖက်ထားသည့် ကိုလံဘတ် (Columbus)၊ စွမ်းဆောင်ရည် (Swan Saung Yee Travel)၊ Thousand Island Travel ၊ Unique Travel Asia စသည့် ခရီးသွားကုမ္ပဏီများနှင့်စားသောက်ဆိုင်လုပ်ငန်းများဖြစ်သည့် Fuji Coffee House ၊ Genki Sushi ၊ Signature Fine Dining နှင့် Garden Bistro တို့အပြင် ရန်ကုန်နှင့်မန္တလေး မြို့တွင်ရှိသော Link Hotel ၊ နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်၊ အေးသာယာ Golf Resort နှင့် Wine Link စသည့် နေရာများတွင် လျှော့ဈေးများပါဝင်သည့် အကျိုးခံစားခွင့်များကိုလည်း ရယူခံစားခွင့်ရှိပါသည်။
“ကျွန်တော်တို့ ရဲ့ တစ်မူထူးခြားလှပပြီး တော်ဝင်ဆန်တဲ့ဒီဇိုင်းတွေက MAB VISA ကဒ်သုံးစွဲသူတွေရရှိနိုင်မယ့် သာလွန် ကောင်းမွန်တဲ့ အကျိုးခံစားခွင့်တွေကို ထင်ဟပ်ပြသလိုက်သလိုပါပဲ။ သူတို့အနေနဲ့ ကဒ်တွေကို ပြည်တွင်း မှာပဲသုံးသုံး၊ ပြည်ပမှာပဲသုံးသုံး လိုအပ်တဲ့အချိန်မှာ သုံးစွဲသူတွေရဲ့ဆန္ဒနဲ့ တစ်ထပ်တည်းကျပြီး စိတ်ချမ်းချမ်းသာသာနဲ့ လွယ်လွယ် ကူကူအသုံးပြုနိုင်မှာပါ။ ဒီကဒ်တွေကိုအသုံးပြုပြီး အချိန်မရွေးနေရာမရွေး လွယ်လွယ်ကူကူ၊ သက်သောင့်သက်သာနဲ့ ခရီးတွေသွားနိုင်၊ ဈေးဝယ်တွေထွက်နိုင်၊ အစားအသောက်တွေ ဝယ်စားနိုင်ကြမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုလှပတဲ့ဒီဇိုင်းနဲ့ ကဒ်မှာ Contactless နည်းပညာအသစ်ပါဝင်တဲ့အတွက် ကဒ်အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ကဒ်နဲ့ ငွေပေးချေတဲ့အခါမှာ ပိုမိုမြန်ဆန်ပြီး လုံခြုံ စိတ်ချတဲ့ပေးချေမှုမျိုးကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်” ဟု MAB ၏ Head of Consumer Banking မှ Executive Vice President ဖြစ်သူ Mr. Gary Voon မှပြောကြားသည်။
MAB VISA Card ကို ဝင်ငွေပုံမှန်ရှိသည့် အသက် ၂၁ နှစ်ပြည့်ပြီးသော မြန်မာနိုင်ငံသားတိုင်းလျှောက်ထားနိုင်ပြီး ကဒ်လျှောက်ထားရန် သတ်မှတ်အသက်မပြည့်မီသူများအနေနှင့်လည်း မိမိမိသားစုဝင်များတွင် Principal Card ကိုင်ဆောင် ထားပါက ထိုကဒ်ကိုင်ဆောင်သူ၏ ကတ်နှင့်အတူ Supplementary Card (ဆင့်ပွားကတ်) ကို လျှောက်ထားနိုင်မည်လည်း ဖြစ်သည်။ MAB VISA ကတ် အသုံးပြုသူများသည် MAB iBanking account ကို အခမဲ့ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး Credit limit အဖြစ် သိန်း ၅၀ သို့မဟုတ် လစာ၏ ၂ ဆ အထိ ရယူသုံးစွဲနိုင်မည်ဖြစ်ကြောင်းသိရသည်။