နည်းပညာ အသုံးချ ဆေးလောက
ကမ္ဘာပေါ်တွင်နည်းပညာရဲ့ တိုးတက်လာမှုနဲ့အတူ လူတွေရဲ့ နေထိုင်မှုပုံစံတွေဟာလည်း အများကြီး ပြောင်းလဲခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ် နည်းပညာရဲ့ ရိုက်ခတ်မှုက ဖုန်းတွေအလွယ်တကူ ဝယ်ယူအသုံးပြုလာနိုင်တာကနေ စတယ်လို့ ဆိုချင်ပါတယ်။ အရင်တုန်းကတော့ ဖုန်းတစ်လုံးကိုင်နိုင်ဖို့ဆိုတာ တော်တော်မလွယ်ကူတဲ့ ကိစ္စတစ်ခုပါ။ ပိုက်ဆံတတ်နိုင်လို့ ဝယ်ချင်တယ်ဆိုရင်တောင် ဆက်သွယ်ရေးရုံးကိုသွားရ၊ အမည်ပေါက်ရဖို့ စာရွက်စာတမ်းတွေလုပ်ရ၊ ဖုန်းရပြန်တော့လည်း ဘေလ်ဆောင်ဖို့ တန်းစီစောင့်ရတာတွေလည်း ရှိသေးရဲ့။ ဒါတွေ ခုပြန်ပြောရင် အိပ်မက်လိုပါဘဲ။ ဒီနေ့ ဒီအချိန်မှာ ဖုန်းတစ်လုံးကိုင်နိုင်ဖို့၊ ကမ္ဘာကြီးနဲ့ ဆက်သွယ်ဖို့ အဲ့ဒီ့လောက် ဒုက္ခခံစရာ မလိုတော့ပါဘူး။ လူတိုင်းတတ်နိုင်တဲ့ ပမာဏနဲ့ ဖုန်းတစ်လုံးကို လွယ်လွယ်ကူကူ ဝယ်ယူနိုင်နေပါပြီ။ အဲ့ဒီ့လို လူတန်းစားမရွေးဖုန်းကို အသုံးပြုနိုင်ခြင်းကဘဲ နည်းပညာကို မြန်မာနိုင်ငံနဲ့ မြန်မြန်ဆန်ဆန် ထိတွေ့ခွင့်ရစေခဲ့တာပါ။ စိတ်ဆန္ဒသာရှိမယ်ဆိုရင် ထိုင်ရာကမထဘဲ ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာ ဘာတွေဖြစ်နေလဲဆိုတာကို သိနိုင်နေပါပြီ။
နည်းပညာဟာ အလုပ်အကိုင်နယ်ပယ်တွေ အားလုံးကို သူ့ရဲ့ အဆင်ပြေ လွယ်ကူ မြန်ဆန်စွာ လုပ်ဆောင်နိုင်စေမှုတွေ၊ ယုံကြည်စိတ်ချရမှုတွေနဲ့အတူ လူသားတွေရဲ့ ဝန်ထုပ်ဝန်ပိုးတွေကိုလည်း အများကြီး လျှော့ချပေးခဲ့ပါတယ်။ နည်းပညာကို အသုံးချခြင်းကြောင့် အထောက်အပံ့ဖြစ်စေတာ၊ အဆင်ပြေ လွယ်ကူစေတာကို အားလုံးလက်ခံနေကြရပါပြီ။ အဲ့ဒီ့ထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။
ပြောင်းလဲမှု
မြန်မာနိုင်ငံမှာဆိုရင် ဖုန်းတွေကို လူတော်တော်များများစသုံးလာပြီးနောက်ပိုင်း အင်တာနက်အသုံးပြုမှုဟာ သိသိသာသာ တိုးတက်လာတာတွေ့ရပါတယ်။ အထူးသဖြင့် ဖေ့စ်ဘုတ်လို့ခေါ်တဲ့ လူမှုကွန်ယက်ကို အသုံးပြုသူ အင်မတန်များပြားပါတယ်။ ဖေ့စ်ဘုတ်ရဲ့ လူသုံးများမှုနဲ့အတူ အွန်လိုင်းရှော့ပင်းတွေဟာလည်း လူအများစု စိတ်ဝင်စားတဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်နေပါတယ်။ အွန်လိုင်းရှော့ပင်းတွေရဲ့ အားသာချက်တွေကတော့ အများကြီးပါဘဲ။ အဓိကတော့ ဝယ်သူနဲ့အဆက်အသွယ် မပြတ်ပါဘူး၊ ဆိုင်နေရာ မလိုတဲ့အတွက် ကုန်ကျစရိတ် သက်သာပါတယ်၊ ကိုယ့်စီးပွားပြိုင်ဘက်တွေ ဘယ်ကိုဦးတည်နေတယ်၊ ကိုယ့်ဝယ်သူတွေ ဘာကို စိတ်ဝင်စားတယ်၊ ဘာတွေကတော့ ခေတ်စားနေပြီ စတာတွေကို ချက်ချင်းသိနိုင်တဲ့အတွက် အချိန်ကုန်၊ လူပင်ပန်းသက်သာ၊ ကုန်ကျစရိတ်သက်သာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။ ဒါဟာ နည်းပညာတိုးတက်လာမှုကြောင့် လူတွေရဲ့ စီးပွားရေးလုပ်ကိုင်ပုံ ပြောင်းလဲလာတဲ့ ဥပမာတစ်ခု ဖြစ်ပါတယ်။
ကျန်းမာရေးနယ်ပယ်မှာကော……
ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်မှာလည်း နည်းပညာဟာ အများကြီးပြောင်းလဲစေခဲ့ပါပြီ။ ခွဲစိတ်ခန်းသုံးပစ္စည်းတွေ စက်ကိရိယာတွေမှ အစပြုပြီး လူနာစောင့်ရှောက်မှုတွေအထိ ဆေးပညာရှင်တွေနဲ့ လူနာတွေဟာ နည်းပညာရဲ့ အသုံးဝင်မှုကို အံ့မခန်းတွေ့ရှိလာရပြီ ဖြစ်ပါတယ်။
ကျန်းမာရေးနယ်ပယ်မှာ နည်းပညာအသုံးချမှုတွေကတော့ ၂၁ ရာစုကုန်ရင် ဆေးကုသမှုပြုလုပ်တဲ့အခါ လူသားဆရာဝန်တွေက ဘာတွေဆောင်ရွက်ကြမှာလဲလို့တောင် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါပြီ။ လူသားဆရာဝန်တွေရဲ့ တာဝန်ဝတ္တရားများဖြစ်တဲ့ ခွဲစိတ်ကုသတာတွေ၊ လူနာစမ်းသပ်တာတွေကို လက်ထောက်စက်ရုပ်ဆရာဝန်လေးတွေက တာဝန်ယူလာနိုင်ပြီး လူသားဆရာဝန်တွေကတော့ လက်ထောက်တွေကို အွန်လိုင်းကတဆင့် အမိန့်ပေးညွှန်ကြားခိုင်းစေတာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ခုခေတ်မှာ အစာအိမ်ရောဂါဖြစ်လို့ မှန်ပြောင်းကြည့်ရမယ်ဆိုရင်တောင် အရင်ကလို နာကျင်မှုမျိုးမရှိတော့ဘဲ ဆေးတောင့်လေးတစ်တောင့်သောက်တာနဲ့ကို အထဲက ဘယ်နေရာမှာ အနာဖြစ်နေသလဲဆိုတာကို သိနိုင်တဲ့ အနေအထားကို ရောက်နေပါပြီ။ နည်းပညာဟာ လူတွေရဲ့ နာကျင်မှုတွေကို သက်သာစေခဲ့ပါပြီ။ ခွဲစိတ်မှုတွေလုပ်တဲ့အခါ အကူအညီအထောက်အပံ့ပေးတဲ့ အသိဉာဏ်ရှိစက်ရုပ်တွေ ပေါ်လာပါပြီ။
Image Source: https://www.mystown.com
နာနိုနည်းစနစ်သုံး စက်ရုပ်တွေ ပေါ်ထွက်လာပါပြီ။ စက်ရုပ်ဆိုလို့ အကြီးစား ရိုဘော့ကြီးတွေကို သွားပြီး မြင်ယောင်နေပါဦးမယ်။ မဟုတ်ပါဘူး၊ တကယ့်အသေးစားစက်ရုပ်လေးတွေပါ၊ ခွဲစိတ်ကုသမှုလုပ်တဲ့ နာနိုစက်ရုပ်၊ ရောဂါရှာဖွေပြီး စစ်ဆေးစမ်းသပ်မှုတွေလုပ်တဲ့ နာနိုစက်ရုပ်၊ ကင်ဆာရောဂါကုသတဲ့ နာနိုစက်ရုပ်ဆိုပြီး အများကြီးရှိပါတယ်။ သူတို့က ခန္ဓာကိုယ်ထဲက ဘယ်နေရာမှာတော့ ဘာဖြစ်နေပြီဆိုတာကို ဆရာဝန်ဆီသတင်းလှမ်းပို့မယ်၊ လိုအပ်ရင် ဓာတ်ပုံ/ဗီဒီယိုတောင် ရိုက်ပြဦးမှာပါ၊ ဆရာဝန်က ကြည့်ပြီး လိုအပ်တဲ့ ကုသမှုကို ပေးမယ်၊ တချို့စက်ရုပ်တွေဆိုရင် ဘယ်လိုလုပ်ရမယ်ဆိုတာ သူတို့ထဲမှာ ပရိုဂရမ်ထည့်ထားပြီးသားဖြစ်လို့ ဆရာဝန်ရဲ့ ညွှန်ကြားချက်တောင်စောင့်နေမှာ မဟုတ်ပါဘူး။ လိုအပ်တဲ့နေရာမှာ လိုအပ်သလို ဆောင်ရွက်ပြီးသား အက်ရှင်ယူပြီးသား ဖြစ်နေမှာပါ၊ ဒါဟာ Artificial Intelligence ရဲ့ တိုးတက်မှုတစ်ခုပါ။
Image Source: http://www.dggfpe.mg
နောက်ပြီးတော့ ဒရုန်း။ ဒရုန်းတွေဟာလည်း ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်မှာ အများကြီး အသုံးဝင်လာပြီ ဖြစ်ပါတယ်။ ဒရုန်းတွေကို အသုံးချမှုကတော့ နယ်ပယ်ပေါင်းစုံမှာ တွေ့နေရပါတယ်။ အရေးပေါ်အခြေအနေတွေမှာ ဒရုန်းလွှတ်ပြီး ဆေးဝါးတွေ၊ ကာကွယ်ဆေးတွေနဲ့ ဆေးပစ္စည်းတွေကို မြန်မြန်ဆန်ဆန် ပို့ဆောင်နိုင်တဲ့အတွက် အားသာချက်တွေ အများကြီးရှိပါတယ်။ ၂၀၁၂ ခုနှစ် ဟေတီငလျင်လှုပ်အပြီးမှာ လိုအပ်တဲ့ အရေးပေါ်အထောက်အပံ့ပစ္စည်းတွေကို ဒရုန်းနဲ့ အောင်အောင်မြင်မြင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒရုန်းနည်းပညာတွေကို အသုံးချပြီး ကျန်းမာရေးနဲ့ဆိုင်တဲ့ အရေးပေါ်ပစ္စည်းတွေကို လူအရောက်အပေါက်နည်းတဲ့နေရာဒေသတွေ ဒါမှမဟုတ် ပို့ဆောင်ဆက်သွယ်ရေး ခက်ခဲတဲ့နေရာဒေသတွေကို အချိန်တိုအတွင်း အရောက်ပေးပို့ဖို့အတွက် ဒရုန်းတွေကလဲ အဖြေတစ်ခု ဖြစ်လာပါပြီ။ မြန်မာနိုင်ငံမှာလည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသတွေမှာ ရှိတဲ့လူတွေအတွက် ကာကွယ်ဆေးတွေ၊ အသက်ကယ်ဆေးတွေကို ဒရုန်းအသုံးပြုပြီး ပို့ဆောင်ပေးနိုင်မယ်ဆိုရင် ဝမ်းသာစရာပါ။
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကကော…………?
ဆေးရုံ/ဆေးခန်းတွေ အကြောင်းကိုသိချင်လား? ဘယ်ဆရာဝန် ဘယ်မှာ၊ ဘယ်အချိန်ထိုင်သလဲ သိချင်လား? မိုဘိုင်းအက်ပလီကေးရှင်းတွေ၊ ဖေ့စ်ဘုတ် ဒါမှမဟုတ် call center ကို ဖုန်းဆက်ပြီးတော့ မေးမြန်းစုံစမ်းလို့ ရနေပါပြီ။ ဆရာဝန်နဲ့ မျက်နှာချင်းဆိုင်တွေ့ပြီး ဆွေးနွေးဖို့ အဆင်မပြေဘူးလား? အဲ့ဒီ့မေးခွန်းတွေရဲ့ အဖြေကတော့ အွန်လိုင်းပဲ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကိုယ်သိချင်တဲ့ အကြောင်းအရာတွေကို ရှာမယ်၊ ကိုယ့်ကျန်းမာရေးကို ဆရာဝန်နဲ့ ဆွေးနွေးချင်တယ်၊ ယေဘုယျအားဖြင့် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တဲ့ အချက်အလက်တွေ၊ ဆောင်ရန်/ရှောင်ရန်တွေ စတာတွေကို အွန်လိုင်းပေါ်မှာ ရှာဖွေလို့ရနေပါပြီ။ ဆေးရုံ/ဆေးခန်းကို သွားပြဖို့ အဆင်မပြေဘူးဆိုရင်တောင် အိမ်တိုင်ယာရောက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေက သင့်အိမ်မှာ ဆေးလာကုပေးဖို့ အဆင်သင့်ပါပဲ။
မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ နည်းပညာကို ဘယ်လိုမျိုးထိထိရောက်ရောက် အသုံးချနေကြတယ်၊ ဘယ်လိုနည်းပညာတွေကို အသုံးချနေကြတယ်ဆိုတာကို လက်လှမ်းမီသလောက် ဖော်ပြသွားပါမယ်။
ဆေးရုံတစ်ရုံမှာ ဘယ်လို နည်းပညာတွေကို အသုံးချနေကြပါသလဲ?
ဆေးရုံ/ဆေးခန်းသုံး နည်းပညာအသုံးချ စက်ပစ္စည်းကိရိယာတွေ အများအပြား ပေါ်ထွက်လာခဲ့ရာမှာ ဆေးရုံတစ်ရုံမှာ အခြေခံအကျဆုံး အချက်တစ်ခုဖြစ်တဲ့ လူနာစာရင်းသွင်း/လူနာမှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်ကို အဆင်ပြေချောမွေ့စေပြီး ရောဂါကုသမှုကို တိုးတက်ကောင်းမွန်လာနိုင်စေတဲ့ နည်းစနစ်တစ်ခုကတော့ ကွန်ပြူတာဆော့ဖ်ဝဲလ်ကို အသုံးပြုခြင်း ဖြစ်ပါတယ်။
Image Source: https://znamkaluga.ru
ပထမဆုံးဦးဆုံးအနေနဲ့ လူနာနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်များကို သိမ်းဆည်းပေးတဲ့ ဆော့ဖ်ဝဲလ်တစ်ခုကို အသုံးပြုရပါတယ်။ ဆေးရုံမှာ လူနာတစ်ဦးရောက်လာပြီဆိုရင် ပထမဦးဆုံးလုပ်ရတာက စာရင်းသွင်းရတာ ဖြစ်ပါတယ်။ အရင်တုန်းကတော့ စာရွက်စာတမ်းနဲ့ပဲ သိမ်းဆည်းရပါတယ်။ ယခုအချိန်ထိလည်း အစိုးရဆေးရုံတွေမှာ စာရွက်စာတမ်းတွေကိုပဲ အသုံးပြုနေကြရတုန်းဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ ကွန်ပြူတာစနစ်ကို ပြောင်းလဲအသုံးပြုနေကြပါတယ်။ အင်တာနက်၊ အင်ထရာနက် စတာတွေဟာ သတင်းအချက်အလက်တွေကို မြန်မြန်ဆန်ဆန်နဲ့ အလွယ်တကူ ပေးပို့ဖို့ရာအတွက် အလွန်ပင် အထောက်အကူဖြစ်ပါတယ်။ ကျန်းမာရေးပညာရှင်တွေအနေနဲ့ လူနာတွေရဲ့ ရောဂါမှတ်တမ်းကို နှောင့်နှေးမှုမရှိဘဲ သိရှိနိုင်ဖို့ ဒါမှမဟုတ် အခြားဆရာဝန်တစ်ယောက်ထံသို့ ပေးပို့နိုင်ဖို့အတွက် အီလက်ထရောနစ် မှတ်တမ်းထိန်းစနစ်က အဖြေတစ်ခု ဖြစ်လာပါပြီ။
ရောဂါဖြစ်လာလို့ ဆရာဝန်တစ်ယောက်ကို သွားပြရင် ရောဂါမှတ်တမ်းနဲ့ ဆေးစာမှတ်တမ်း စာအုပ် တစ်အုပ်ရလာမယ်။ နောက်တစ်ခါ ရောဂါတစ်ခုထပ်ဖြစ်လာလို့ နောက်ဆရာဝန်တစ်ယောက်ပြရင် နောက်စာအုပ်တစ်အုပ်ရတယ်။ နောက်တစ်ခါ…နောက်တစ်ခါ…..၊ ဆေးမှတ်တမ်းအားလုံးကို စာရွက်စာတမ်းနဲ့ သိမ်းထားနိုင်ဖို့ဆိုတာ ခဲယဉ်းမှာပါ။ တကယ်လို့များ လူနာတွေရဲ့ ဆေးမှတ်တမ်းကို ကွန်ပြူတာဆော့ဖ်ဝဲလ်သုံးပြီး စာရင်းသွင်းထားမယ်ဆိုရင် အရင်ဆေးမှတ်တမ်းတွေကိုပါ ဆရာဝန်က ပြန်လည်ကြည့်ရှုစစ်ဆေးနိုင်မှာ ဖြစ်တဲ့အတွက် ဘာရောဂါဖြစ်နိုင်သလဲလို့ စစ်ဆေးအဖြေထုတ်တဲ့အခါမှာ အရင်ဖြစ်ဖူးခဲ့တဲ့ရောဂါတွေကို ထည့်သွင်းစဉ်းစားနိုင်တဲ့အတွက် မှားယွင်းစွာ ကုသမှုပေးမိခြင်းမှ ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ ရောဂါတွေက တစ်ခုနဲ့တစ်ခု ဆက်နွယ်မှုတွေ အများကြီး ရှိနိုင်တဲ့အတွက် လူနာရဲ့ ရောဂါရာဇဝင်၊ ဆေးကုသမှု ရာဇဝင်ကို ပြန်လည်စစ်ဆေးခြင်းဖြင့် ဆေးကုသမှုကို ပိုပြီးထိထိရောက်ရောက် ဖြစ်အောင်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
အဲ့ဒါကို အကောင်အထည်ဖော်ဖို့အတွက် နိုင်ငံတကာမှာ အီလက်ထရောနစ် ဆေးမှတ်တမ်းစနစ်ကို သုံးနေကြပါတယ်။ အဲ့ဒီ့စနစ်မှာ လူနာရဲ့ ရောဂါရာဇဝင်၊ ဆေးစစ်ထားတဲ့ရလဒ်တွေ၊ ရောဂါရှာဖွေမှုမှတ်တမ်းတွေနဲ့ သက်ဆိုင်တာတွေကို အွန်လိုင်းတစ်နေရာမှာ သိမ်းဆည်းထားတာဖြစ်ပါတယ်။ အဲ့ဒီ့အချက်အလက်တွေက လူနာတစ်ဦးချင်းစီကို မှန်ကန်တိကျတဲ့ ဆေးကုသစောင့်ရှောက်မှုစနစ်ကို ပေးစွမ်းဖို့အတွက် အများကြီးအထောက်အကူပေးနိုင်ပါတယ်။ လူနာအားလုံးရဲ့ ရောဂါမှတ်တမ်း အချက်အလက်တွေကို တစ်နေရာတည်းမှာ သိမ်းဆည်းထားနိုင်မယ်၊ ကျန်းမာရေးပညာရှင်တွေကလည်း လူနာတွေရဲ့ ဆေးမှတ်တမ်းတွေ၊ ရောဂါအခြေအနေတွေကို လေ့လာနိုင်မယ်ဆိုရင် ပိုပြီးထိရောက်တဲ့ ဘေးထွက်ဆိုးကျိုးလည်းနည်းတဲ့ ကုသမှုနည်းစနစ်အသစ်တွေ ပေါ်ထွက်လာနိုင်ပါတယ်။ နောက်ပြီး လူနာတစ်ယောက်ရဲ့ ဆေးကုသမှုမှတ်တမ်းကို လေ့လာပြီး ရောဂါအခြေအနေဆင်တူတဲ့ အခြားလူနာတစ်ယောက်ကို ဘယ်လိုနည်းစနစ်နဲ့ ကုသမှု ပေးသင့်တယ်ဆိုတာမျိုးကို ဆေးပညာရှင်အချင်းချင်း အသိပညာ မျှဝေနိုင်မှာလည်း ဖြစ်ပါတယ်။
လူနာတွေအတွက်၊ ဆေးပညာရှင်တွေအတွက် သာမက ဆေးရုံ/ဆေးခန်းတွေအတွက်ပါ အကျိုးရှိတဲ့၊ အဆင်ပြေချောမွေ့စေမယ့် နည်းစနစ်တစ်ခုဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာလဲ မကြာခင် အီလက်ထရောနစ် ဆေးမှတ်တမ်းစနစ်ကို စတင်ကျင့်သုံးလာကြမယ်လို့ ခန့်မှန်းရပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်ထဲမှာ နည်းပညာထိုးဖောက်မှုများစွာထဲက နောက်တစ်ခုကတော့ အွန်လိုင်းမှတဆင့် ဆရာဝန်နဲ့ တိုက်ရိုက် ဆွေးနွေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ လူနာနဲ့ ဆက်ဆံရေးတိုးတက်လာဖို့အတွက် ကျန်းမာရေးပညာရှင်များဟာ ဗီဒီယိုဖိုင်တွေ၊ ဖေ့စ်ဘုတ်နဲ့ အက်ပလီကေးရှင်းတွေသုံးပြီး ဆက်သွယ်လာကြတာကို အများကြီးတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် လူသုံးအများဆုံး လူမှုကွန်ယက် ဖေ့စ်ဘုတ်မှာ ကျန်းမာရေးနဲ့ဆိုင်တဲ့ ပေ့ခ်ျတွေ အမြောက်အမြားတွေ့ရမှာ ဖြစ်ပြီး ကျန်းမာရေးဗဟုသုတတွေကို နေ့စဉ်တင်ပေးတာတွေ ရှိပါတယ်။ တချို့တွေက အွန်လိုင်းမှတဆင့် ရောဂါနဲ့ ပတ်သက်ပြီး မေးမြန်းမှုတွေကို ဖြေကြားပေးတာမျိုးတွေ ရှိပါတယ်။ ဘာအားသာချက်ရှိသလဲဆိုရင် လူနာဟာ ရောဂါဖြစ်နေတဲ့အချိန် ဒါမှမဟုတ် အရေးပေါ်တစ်ခုခု သိချင်တာမျိုးတွေကို အချိန်မရွေး မေးမြန်းနိုင်တဲ့အတွက် အများကြီး အထောက်အကူဖြစ်တာကို တွေ့ရပါတယ်။ နောက်တစ်ခုကတော့ ဆရာဝန်နဲ့ မျက်နှာချင်းဆိုင်ပြရမှာ ဝန်လေးနေတာမျိုးကိုလည်း အွန်လိုင်းဆွေးနွေးမှုတွေက အတားအဆီးမရှိ လွတ်လွတ်လပ်လပ် မေးမြန်းခွင့်ရှိနေတာမျိုးပါ။
Image Source: https://blog.zerionsoftware.com
မိုဘိုင်းအက်ပလီကေးရှင်းတွေကလည်း လူနာနဲ့ ကျန်းမာရေးပညာရှင်တွေရဲ့ ထိတွေ့ဆက်ဆံမှုကို တိုးတက်စေတဲ့နေရာမှာ အချက်အချာကျပါတယ်။ မိုဘိုင်းအက်ပ်စ်တွေကိုသုံးပြီး ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေတွေ၊ အချက်အလက်တွေကို မှတ်တမ်းတင်ထားလို့ရပါတယ်။ အဲ့ဒီ့မှတ်တမ်းဟာ ရောဂါတစ်ခုကို စစ်ဆေးကောက်ချက်ချဖို့အတွက် လိုအပ်ချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဆေးသောက်ဖို့၊ ကျန်းမာရေးအတွက် ဆေးစစ်ဖို့ မမေ့အောင်လည်း မိုဘိုင်းအက်ပ်စ်များက အထောက်အကူပေးနိုင်ပါတယ်။ နောက်ပြီး ကွန်ပြူတာ၊ မိုဘိုင်း၊ စမတ်နာရီ စတာတွေနဲ့လည်း ချိတ်ဆက်အသုံးပြုလို့ရတဲ့အတွက် သွားလေရာ ယူဆောင်သွားပြီး ကိုယ့်ကျန်းမာရေးကို မှတ်တမ်းတင်လို့ရပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့ လူတစ်ယောက်အတွက်ဆိုရင်လည်း ဒီနေ့အတွက် ကီလိုမီတာ ဘယ်လောက်တော့ လမ်းလျှောက်ပြီးပြီ၊ နှလုံးခုန်နှုန်း ဘယ်လောက်ရှိပြီ၊ ကယ်လိုရီဘယ်လောက် လောင်ကျွမ်းပြီးပြီ အစရှိသဖြင့် အသိပေးနိုင်ပါတယ်။
မိုဘိုင်းအက်ပ်စ်တွေမှာ ရောဂါတွေအကြောင်း၊ ရောဂါမဖြစ်အောင် ဘယ်လိုပြုမူနေထိုင်သင့်ကြောင်းနဲ့ လုပ်ဆောင်သင့်တဲ့ အကြံပြုချက်တစ်ချို့ကိုပါ မှတ်သားနိုင်မှာ ဖြစ်ပါတယ်။ ဆောင်းပါးတွေကိုလည်း ဖတ်ရှုနိုင်တဲ့အတွက် ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတရချင်သူများအတွက် အကျိုးရှိပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေကို ဖတ်ရှုနိုင်တဲ့အပြင် ဆရာဝန်နဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေကိုလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
ဘလူးတုသ်ကိုအသုံးပြုပြီး မိုဘိုင်းအက်ပလီကေးရှင်းတွေနဲ့ ချိတ်ဆက်ကာအသုံးပြုရတဲ့ ကျန်းမာရေးအသုံးချ စက်ပစ္စည်းကိရိယာတွေလည်း အများကြီးရှိပါတယ်။ ဥပမာ နှလုံးခုန်နှုန်းတိုင်းတာခြင်း၊ သွေးဖိအားတိုင်းခြင်း၊ ပန်းနာရင်ကျပ်ရောဂါရှိသူတွေအတွက် smart inhaler ရှူဆေးတွေလည်းရှိပါတယ်၊ ဘယ်အချိန်မှာတော့ ရှူဆေးသုံးဖို့လိုနေပြီဆိုတာကို မိုဘိုင်းအက်ပလီကေးရှင်းမှတဆင့် အသိပေးနိုင်ပါတယ်။ ကိုယ့်ကျန်းမာရေးကို ကိုယ်ကိုယ်တိုင် စစ်ဆေးနိုင်ပြီး ရောဂါတွေထပ်မဖြစ်အောင်၊ ဖြစ်နေတဲ့ရောဂါတွေ ပိုဆိုးမလာအောင် ထိန်းဖို့အတွက်၊ ကိုယ့်ကိုယ်ကိုသတိပေးဖို့အတွက် မိုဘိုင်းအက်ပ်စ်တွေက ကူညီနိုင်ပါတယ်။ ပြီးတော့ ကိုယ်ရဲ့ရောဂါမှတ်တမ်းတွေ၊ ဆေးအသုံးပြုမှုမှတ်တမ်းတွေကို ဆရာဝန်ထံ မိုဘိုင်းအက်ပ်စ်မှတဆင့် ပေးပို့ပြီး ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို တောင်းခံတာမျိုးအထိ လုပ်ဆောင်နိုင်နေမှာ ဖြစ်ပါတယ်။
Image Source: https://www.pinterest.es
နောက်တစ်ခုကတော့ တယ်လီဖုန်းလိုင်းမှတဆင့် ဆရာဝန်နဲ့ တိုက်ရိုက်ဆွေးနွေးမယ်။ ဒါကတော့ မြန်မာနိုင်ငံမှာ စတင်နေပြီးတဲ့ စနစ်တစ်ခုပါ။ ဥပမာ call center၊ တယ်လီဖုန်းဆက်ပြီး ဆေးရုံလိပ်စာတွေကို မေးမြန်းနိုင်ပါတယ်။ ဆေးအကြောင်း၊ ရောဂါအကြောင်း၊ ဆရာဝန်ကို ကိုယ်တိုင်မေးမြန်းလို့ရပါတယ်။ အဓိကကတော့ ဆရာဝန်နဲ့ ဝေးတဲ့ဒေသတွေမှာ နေထိုင်တဲ့ လူတွေအတွက် အလွန်ပဲ အဆင်ပြေပါတယ်။ တယ်လီဖုန်းလိုင်းမှတဆင့် ဆက်သွယ်တဲ့နည်းစနစ်ထဲမှာ ပါဝင်တဲ့ နောက်နည်းလမ်းတစ်ခုကတော့ ဗီဒီယိုချက်တင် လို့ ပြောရမယ်နဲ့တူပါတယ်။ အရေးကြီးတဲ့လူနာတစ်ယောက်ကို ခွဲစိတ်တော့မယ်ဆိုရင် တခြားဆေးရုံမှာရှိတဲ့ ဆရာဝန် ဒါမှမဟုတ် နိုင်ငံခြားကဆရာဝန်တွေပါ ခွဲစိတ်မှုကို တိုက်ရိုက်ကြည့်ရှု့ပြီး အကြံဉာဏ်ပေးတာမျိုး၊ ညွှန်ကြားတာမျိုးပေါ့။ ဒါလည်းမြန်မာနိုင်ငံမှာ လုပ်လို့ရနေပါပြီ။ အတွေ့အကြုံ မရင့်ကျက်သေးတဲ့ ကျန်းမာရေးပညာရှင်တစ်ယောက်က ဆရာရဲ့ အကြံဉာဏ်ကို ယူပြီး ဆေးကုသတာမျိုးပါ။ လူနာအတွက်အကျိုးရှိသလို ဆေးပညာရှင်အနေနှင့်လည်း အတွေ့အကြုံသစ်ရနိုင်တဲ့အတွက် နှစ်ဦးနှစ်ဘက် အကျိုးရှိတဲ့နည်းလမ်းဖြစ်ပါတယ်။
မိုဘိုင်းစနစ်၊ အွန်လိုင်းစနစ်တွေသုံးတော့မယ်ဆိုရင်တော့ အွန်လိုင်းမှတဆင့် ငွေပေးချေခြင်းဆိုတာလည်း ပါလာမှာ ဖြစ်ပါတယ်။ အွန်လိုင်းကတဆင့် ဆရာဝန်နဲ့ ဆွေးနွေးမယ်ဆိုရင် အွန်လိုင်းငွေပေးချေမှုကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း မိုဘိုင်းငွေပေးချေမှုစနစ်တွေ အများကြီးရှိနေပြီ ဖြစ်တဲ့အတွက် အဲ့ဒီ့အပိုင်းက ခက်ခဲမယ်မထင်ပါဘူး။
သတင်းအချက်အလက်တွေကို အလွယ်တကူ ရရှိနိုင်ခြင်းဟာ ဒီနေ့ခေတ်နည်းပညာရဲ့ အားသာချက်တစ်ခု ဖြစ်နေပါပြီ။ ကျန်းမာရေးပညာရှင်တွေအနေနဲ့လည်း နိုင်ငံခြားမှဆေးပညာရှင်များနဲ့ ချိတ်ဆက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခြင်း၊ အကြံဉာဏ်ဖလှယ်ခြင်း၊ အွန်လိုင်းပေါ်မှာ ကျောင်းတက်ခြင်းစတာတွေကို ပြုလုပ်နိုင်တဲ့အတွက် ဆေးကုသမှုတွေမှာအများကြီးအကျိုးဖြစ်ထွန်းလာနိုင်ပါတယ်။ အသစ်အသစ်သော ရောဂါတွေ၊ ဆေးဝါးတွေ၊ ကုသပုံနည်းစနစ်တွေ စတာတွေကိုအမြဲတမ်း မပြတ်လေ့လာနိုင်မှာ ဖြစ်တဲ့အတွက် ဆေးပညာဗဟုသုတများ တိုးပွားဖို့ရန် အခွင့်ကောင်းဖြစ်ပါတယ်။
ကျန်းမာရေးနယ်ပယ်မှာ နည်းပညာရဲ့ သက်ရောက်မှုကတော့ အကျိုးဖြစ်ထွန်းစေမှုဘက်ကို အများကြီး ဦးတည်နေပါတယ်။ နေ့စဉ်နဲ့အမျှ တီထွင်ဖန်တီးမှုတွေ၊ အိုင်ဒီယာအသစ်တွေ ထွက်ပေါ်နေဦးမှာဖြစ်တဲ့အတွက် ဒီနေ့နဲ့ မနက်ဖြန် ဘာတွေပြောင်းလဲတိုးတက်လာမယ်ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာပါ။ အဓိကကတော့ နည်းပညာရဲ့ အသုံးဝင်မှုကို အမြင်ကျယ်ကျယ်နဲ့ လက်ခံပြီး လက်တွေ့မှာ အကျိုးရှိအောင် ပေါင်းစပ်အသုံးချနိုင်ဖို့ဘဲ ဖြစ်ပါတယ်။ နည်းပညာကတော့ ကိုယ့်လက်ထဲကို ရောက်နေပြီ အသုံးချဖို့ဘဲလိုပါတယ်လို့ တိုက်တွန်းပါရစေ။
နောင်နှစ်တွေမှာ လူတွေရဲ့ သက်တမ်းဟာ နည်းပညာရဲ့ ပံ့ပိုးမှုကြောင့် ယခုထက် ပိုရှည်လာမှာ မလွဲပါဘူး။ ခန္ဓာကိုယ်ထဲက မကောင်းတော့တဲ့ အင်္ဂါအစိတ်အပိုင်းတွေကို လဲလှယ်ကြမယ်၊ အစားထိုးကြမယ်၊ စက်တွေထည့်ကြမယ်၊ အဲ့တာတွေအကုန်လုံးကို ခုခေတ်မှာ လုပ်နေကြပါပြီ။ လက်အစားထိုးချင်တဲ့ လူနာတစ်ယောက်အတွက် မျိုးရိုးဗီဇကုထုံးနဲ့ လက်အသစ်ပြန်ထွက်အောင်လုပ်မလား ဒါမှမဟုတ် စက်တွေကို သဘောကျတယ်ဆိုရင် စက်ရုပ်လက်ကိုတပ်ဆင်မလား၊ ရွေးချယ်စရာတွေ ရှိလာမှာပါ။ နောင်ဆယ်နှစ်ကြာရင် ဘာတွေလုပ်လို့ရလာမလဲ? လူတွေဟာ စက်ပစ္စည်းတွေတပ်ဆင်ထားတဲ့ လူစက်ရုပ်တွေဘဲ ဖြစ်သွားမလား? စောင့်ကြည့်ရအောင်ပါ…….
Sandar Naing