Mobile VR Headset တစ်လုံးရှိရင် ဘာတွေလုပ်နိုင်မလဲ?

Virtual Reality ဆိုတဲ့ VR က နည်းပညာတွေအတော်လေးထွန်းကားလာကတည်းက အသုံးပြုသူတွေကြား ရောက်ရှိလာပြီး ဖြစ်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ အရင်အချိန်တွေတုန်းကတော့ VR ကို Game တွေ Entertainment ပိုင်းတွေမှာပဲ အများဆုံးအသုံးပြုကြပေမယ့် COVID-19 ကူးစက်ရောဂါစတင်ချိန်ကစပြီး VR ကိုပိုမိုအသုံးများလာကြပါတယ်။ ကူးစက်ရောဂါကြောင့် အလုပ်တွေက Work-from-home စနစ်ဖြစ်လာသလို စာသင်ကြားမှုတွေကလည်း အွန်လိုင်းပေါ်ကနေ Zoom, Google Classroom တွေအသုံးပြုပြီး သင်ကြား လာကြပါတယ်။ ဒီလိုအင်တာနက်ကိုအသုံးပြုပြီး ချိတ်ဆက်နေရတဲ့ကာလမျိုးမှာ Meta ကုမ္ပဏီကလည်း Metaverse ကိုစတင်ကြေငြာခဲ့ပါတယ်။

VR ကိုအသုံးပြုလိုက်တာနဲ့ 3D Virtual World ထဲမှာ လမ်းလျှောက်တာ ဂိမ်းဆော့တာ၊ Meeting တွေလုပ်တာ ကျောင်းတွေတက်တာ ဒီလိုတွေအထိ နည်းပညာတွေကလည်း တိုးတက်လာခဲ့ပါတယ်။ တစ်ချို့ Technology Event တွေတောင်မှ VR အသုံးပြုပြီး Virtual World ထဲမှာ အခမ်းအနားကို ကျင်းပကြတဲ့အထိ အသုံးများနေကြပါပြီ။ အသုံးအများဆုံး Device တွေလို့ပြောလို့ရတဲ့ Mobile Phone တွေ၊ Computer, Laptop တွေနဲ့ တွဲဖက်အသုံးပြုဖို့အတွက် VR Headset တွေကိုလည်း အတော်လေးဝယ်ယူလို့ရနေပြီ ဖြစ်ပါတယ်။ VR Headset တွေကိုဝယ်လိုက်ပြီဆိုရင်တောင် ဒါနဲ့ဘာတွေလုပ်လို့ရလဲဆိုပြီး မေးစရာကတော့ရှိပါတယ်။

(၁) YouTube 360° video

360° ဗီဒီယို ကြည့်ချင်သူတွေအတွက် YouTube ကလည်း အကောင်းဆုံး VR Experience တွေပေးနိုင်တဲ့ Platform တစ်ခုဖြစ်ပါတယ်။ YouTube ရဲ့ တရားဝင် Virtual Reality (VR) Channel မှာ VR Experience တွေရရှိစေနိုင်မယ့် Music Performances, အားကစား၊ ကားပြိုင်ပွဲများ၊ ရုပ်ရှင်နဲ့ Event အသစ်တွေလို Content ပေါင်းများစွာကို တင်ထားပေးတဲ့အတွက် ဝင်ရောက်ကြည့်ရှုကြည့်သင့်ပါတယ်။ 

Photo Source Google Play Store

(၂) Cardboard App

VR ကိုစိတ်ဝင်စားသူတွေအနေနဲ့ စမ်းကြည့်သင့်တဲ့ Application တစ်ခုကတော့ Google ကထုတ်လုပ်ထားတဲ့ Cardboard App ဖြစ်ပါတယ်။ Google Earth ကတစ်ဆင့် လမ်းတွေထဲ သွားလာနိုင်သလို ကိုယ်ရိုက်ခဲ့တဲ့ပုံတွေကိုလည်း 360° အနေနဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်တိုင် ငှက်တစ်ကောင်နေရာကနေ Aurora ကောင်းကင်ကြီးတစ်လျှောက်ပျံသန်း ရတဲ့ Demo လည်းပါဝင်ပါသေးတယ်။ iOS နဲ့ Android နှစ်မျိုးလုံးမှာ အသုံးပြုနိုင်ပါတယ်။

(၃) Google Arts & Culture

Google ရဲ့ AI တွေအသုံးပြုထားတဲ့ Google Arts & Culture ထဲက Feature တစ်ခုအကြောင်းကို Myanmar Tech Press ရဲ့ ဆောင်းပါးတစ်ပုဒ် မှာ ဖော်ပြထားခဲ့ဖူးပါတယ်။ အခုကတော့ Google Arts & Culture ကိုအသုံးပြုပြီး သမိုင်းဝင်နေရာတွေ၊ အနုပညာပြခန်းတွေကို VR စနစ်နဲ့ အလည်အပတ်သွားနိုင်မှာ ဖြစ်ပါတယ်။

iOS နဲ့ Android နှစ်မျိုးလုံးမှာ Google Arts & Culture ကို အသုံးပြုနိုင်ပါတယ်။

Photo Source Google Play Store

(၄) Fulldive VR

Fulldive ဆိုတာကတော့ ရာနဲ့ချီတဲ့ VR Apps တော်တော်များများကို ရှာဖွေတာ၊ ဒေါင်းလုတ်ပြုလုပ်တာတွေမှာ အသုံးပြုတဲ့ Fully Immersive VR Mobile Application တစ်ခုဖြစ်ပါတယ်။ App ကိုအသုံးပြုဖို့ VR Headset ကိုချွတ်ဖို့လည်း မလိုအပ်ပါဘူး။ Fulldive မှာ ဂိမ်းပေါင်း ၅၀၀ ကျော်နဲ့ ထောင်ပေါင်းများစွာသော 3D နဲ့ 360° ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Fulldive VR ရဲ့ အထူးခြားဆုံးအချက်ကတော့ အသုံးပြုသူတွေကို Full Dive Coin တွေ ချီးမြင့်ပေးမယ့်အပြင် ဒီ Coin တွေကိုလည်း Bitcoin Cash, Ethereum နဲ့ Gift Card တွေလဲလှယ်တဲ့နေရာမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Fulldive VR ကို iOS နဲ့ Android နှစ်မျိုးလုံးမှာ အသုံးပြုနိုင်ပါတယ်။